ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း နှစ်ဆယ်ကျော်နေပါပြီ။
ကျေးလက်တွေအထိပါ စစ်ပွဲတွေ ကူးစက်လာတာကြောင့် အဲဒီဒေသခံတွေပါ ဘေးလွတ်ရာကို ပြေးနေရတယ်လို့ ဆိုက်ခေါင်ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။
"ဆီဆိုင်က တစ်မြို့လုံးနီးပါးပြေးတယ်ဗျ။ ဆိုက်ခေါင်က အနည်းအကျဉ်းတော့ ကျန်သေးတာပေါ့။ ဆိုက်ခေါင်ရွာမှာ အဓိကဖြစ်တဲ့နေရာကတော့ လွယ်ပွတ်ပေါ့။ ဆိုက်ခေါင်နဲ့ လေးမိုင်လောက်ဝေးတဲ့ နေရာပေါ့။ မနေ့ကလည်း ဖြစ်တယ်၊ အရင်ရက်ကလည်း ဖြစ်တယ်။ အနည်းငယ် ထိတွေ့မှုတွေ ဖြစ်ကြတာပေါ့နော်"
ဆီဆိုင်မြို့နယ်မှာ လူဦးရေ ၁၆၀,၀၀၀ ကျော် နေထိုင်ပါတယ်။
မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်ကနေ လာရောက်နေတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းလောက်လည်း အရင်ကတည်းက မြို့ပေါ်မှာ ခိုလှုံနေကြတာပါ။
အခုတော့ မြို့ပေါ်က လူဦးရေ အားလုံးနီးပါး အပါအဝင် လူဦးရေ တစ်သိန်းကျော် ထွက်ပြေးနေကြရပါတယ်။ အများစုက ဟိုပုံး၊ ညောင်ရွှေ၊ ပင်လောင်း၊ ရပ်စောက်ဘက်တွေကို ထွက်ပြေးကြပါတယ်။
တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးရွာမှာက မွေတော်ကုက္ကူဘုရားနားမှာလည်း ဒုက္ခသည် လေးထောင်ကျော်ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေပိုပြီး ဒုက္ခရောက်ရတယ်လို့ ကိုယ်တိုင်စစ်ရှောင်ရင်း ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ ဆီဆိုင်မြို့ခံက RFA ကိုပြောပါတယ်။
"ခဏပဲဆိုပြီးတော့ ရှောင်ကြတာပေါ့နော်။ အလွန်ဆုံး နှစ်ရက်၊ သုံးရက်ပဲဆိုပြီးတော့။ ကျွန်တော်လည်း အဲလောက်ပဲမှန်းတယ်လေ။ အခုဆို ဆယ်ရက်ကျော်သွားပြီပေါ့လေ။ ပစ္စည်းတွေလည်း အကုန်လုံး အဖောက်ခံရတာ၊ အခိုးခံရတာရှိတယ်။ အိမ်တွေ မီးထဲပါသွားတာရှိတယ်။ လက်နက်ကြီးထိတော့၊ စင်တော့ ပျက်သွားတာလည်းရှိတယ်။ အထူးသဖြင့်တော့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့ဗျာ"
ထွက်ပြေးလာတဲ့သူတွေကို မြို့တွေနဲ့ ရွာတွေမှာ နယ်မြေခံပြည်သူတွေက တတ်နိုင်သလောက် ကူညီကြတယ်ဆိုပေမယ့် လူဦးရေများတာကြောင့် အစားအသောက်၊ အဝတ်အထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
"ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့ဗျာ"
ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။
ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ နေရာအချို့ကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ (PNLA) တပ်ဖွဲ့ကလည်း မြို့တွင်းနဲ့ စစ်ကောင်စီ တပ်စခန်းအချို့ကို ထိန်းချုပ်ခဲ့ပါတယ်။
ဒါကြောင့် (PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ (PNA) ပြည်သူ့စစ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းရွှေက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ PNA ပူးပေါင်းတပ်က ဆီဆိုင်မြို့နယ် မြောက်ဘက်အခြမ်းကတော့ ကျွန်တော်တို့ စပြီး ဝင်ရှင်းနေပြီပေါ့နော်။ သူတို့ကတော့ တောင်ဘက်ကို တဖြည်းဖြည်း ရွှေ့သွားပြီးပေါ့နော်။ (PNLA) က NCA အတိုင်းသွားရင်တော့ ဘာမှအကြောင်းမရှိဘူးပေါ့နော်။ NCA အတိုင်းမသွားဘဲနဲ့ ဟိုဘက်က မဟာမိတ်နဲ့ ပူးပေါင်းပြီးတော့မှ ဒါကတော့ အဓိက တရားခံကတော့ (PNLA) မှာလည်း သူမှာ တာဝန် ရှိတာပေါ့နော်"
အမည်မဖော်လိုတဲ့ (PNLA) ပြောခွင့်ရသူကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ကို တားဆီးနေရလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတာလို့ RFA ကိုပြောပါတယ်။
"တိုက်ပွဲအခြေအနေကတော့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးနေလျက်ရှိတယ်ပေါ့နော်။ အဲဒါကိုတားဆီးနေရတဲ့အတွက် နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်"
စစ်ကောင်စီဘက်က လေကြောင်းသုံးနေသလို၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ အိမ်တချို့နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးတယ်လို့ PNLA ဘက်က ပြောပါတယ်။

ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ တောင်ကြီးမြို့နဲ့ ၅၃ မိုင်ကျော်၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့တော့ မိုင်လေးဆယ်ပဲ ကွာပါတယ်။
ဒါကြောင့် ဆီဆိုင်မြို့ဟာ စစ်ရေးအရ အရေးပါတဲ့နေရာမှာရှိတဲ့အတွက် စစ်ကောင်စီက ပြန်တိုက်ခိုက်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"ရှမ်းတောင်ကို ဝင်ဖို့က KNDF ရဲ့ မိုးဗြဲ၊ ဖယ်ခုံလှုပ်ရှားမှုပဲ ရှိတယ်။ ရှမ်းတောင် ဟိုပုံးဘက်ကို တက်မယ်ဆိုရင် စစ်တပ်နဲ့ သွားပေါင်းနေတဲ့ ဦးအောင်ခမ်းထီးရဲ့ (PNO) က အဓိကကိုး။ ဆိုလိုတာက ဦးအောင်ခမ်းထီးရဲ့ အင်အားစု အားနည်းသွားလို့မဖြစ်ဘူးလေ။ အဲဒါဖြစ်သွားလို့ရင် ဆီဆိုင်ကနေပြီးတော့ ဒါက ဟိုပုံးကို တက်လာနိုင်တာပေါ့ဗျာ။ အဲဒီကိစ္စကြောင့် စောစောစီးစီး အမြစ်ဖြုတ်ဖို့ကြိုးစားနေတာပေါ့။ ဒီလှုပ်ရှားမှုထဲမှာ KNDF ပါလာရင် အခြေအနေက ပိုပြီးစိုးရိမ်စရာဖြစ်လာတယ်ဗျ။ အဲဒါကြောင့် ဆီဆိုင်ကို အပြင်းအထန် နှိပ်ကွပ်လိမ့်မယ်၊ ဟိုပုံးကို တက်မလာအောင်ပေါ့ဗျာ"
ဆီဆိုင်မြို့နယ် အတွင်းက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း ဆီဆိုင်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခံရလို့ အမျိုးသား တစ်ယောက် သေဆုံးခဲ့ရတဲ့အတွက် သေဆုံးတဲ့သူ လေးဦး ရှိနေပါတယ်။