ဧရာဝတီသတင်းဌာနရဲ့ သတင်းမီဒီယာလုပ်ငန်းလိုင်စင်နဲ့ ထုတ်ဝေခြင်းလုပ်ငန်းတွေကို ပိတ်သိမ်းကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။
သတင်းအေဂျင်စီနဲ့ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် ရယူထားတဲ့ ဦးသောင်းဝင်းဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ - ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို မလိုက်နာဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတွေကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ရေးသားလွှင့်တင် ဖော်ပြခဲ့တဲ့အတွက် အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာလို့ဆိုပါတယ်။ မီဒီယာအမျိုးအစားတစ်ခုခု၊ နည်းပညာရပ်တစ်ခုခုကို အသုံးပြုပြီး ရေးသားထုတ်လွှင့်တာ တွေမလုပ်ဖို့ကိုလည်း စစ်ကောင်စီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဧရာဝတီသတင်းဌာန တာဝန်ရှိသူတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သူတို့ သတင်းဌာနကို ပြည်တွင်းမှာ ဆက်လက်မလည်ပတ်တော့သလို စစ်ကောင်စီရဲ့ ဒီကြေညာချက်အပေါ်မှာလည်း အံ့သြစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက် သတင်းစာသမားတွေ ကြုံတွေ့လာရတဲ့ အဖြစ်ဆိုးတွေ ဖြစ်တယ်လို့ ဧရာဝတီ သတင်းဌာန (မြန်မာပိုင်း) တာဝန်ခံ ဦးရဲနည်က RFA ကို ပြောပါ တယ်။
"သူတို့ အာဏာသိမ်းတဲ့အခါမှာတော့ ဒီမီဒီယာတွေက သူတို့ဘက်ကို ပါမယ်လို့ အစောကြီးကတည်းက စစ်တပ်က ထင်ခဲ့ပုံရတယ်"
“အခုလိုမျိုး သူ့ကို ဖမ်းဆီးထားပြီးတော့ ဧရာဝတီ သတင်းဌာနရဲ့လိုင်စင်ကို ရုပ်သိမ်း လိုက်တာဟာ ဒါကတော့ ကျနော်တို့ ခဏခဏ ပြောနေတဲ့အတိုင်းပါပဲ။ ဒီစစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ သတင်းစာ လွတ်လပ်ခွင့်၊ နောက်ပြီးတော့ သတင်းစာသမားတွေရဲ့ လွတ်လပ်စွာ သတင်းဖော်ပြပိုင်ခွင့်၊ နောက်ဆုံး ကိုသောင်းဝင်းဆိုရင် ကျနော်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ကိစ္စကြောင့် သူနာမည် ဝင်ခံပေးလို့ ဘာမှ မပတ်သက်ဘဲနဲ့ အခုလိုမျိုး ဒုက္ခတွေ့ နေရတာပေါ့။ ဆိုတော့ ဒီဟာတွေက စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကြုံတွေ့လာရတဲ့ အဖြစ်ဆိုးတွေပေါ့”
ဧရာဝတီ သတင်းဌာနဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေကြောင့် မြန်မာပြည်ကို ပြန်လာပြီးနောက် အသက်မွေးကျောင်းပညာရပ်နဲ့ အညီ ပရော်ဖက်ရှင်နယ်ကျကျ ရပ်တည် လှုပ်ရှားခဲ့တာဖြစ်ပြီး ဒီနှစ်ဆိုရင် ဧရာဝတီသတင်း ဌာနကို တည်ထောင်တာ နှစ် ၃၀ ရှိပြီလို့လည်း ဦးရဲနည်က ပြောပါတယ်။
ဧရာဝတီသတင်းဌာနမှာ ထုတ်ဝေသူအဖြစ် နာမည်ခံထားတဲ့ ဦးသောင်းဝင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက် နေ့က သူ့နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး အခုချိန်အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသောင်းဝင်းဟာ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေ ဆောင်ရွက်စဉ်မှာ ဧရာဝတီသတင်းဌာန တည်ထောင်သူတွေဟာ နိုင်ငံသားဖြစ်ခွင့် မရသေးမီကာလ ဖြစ်လို့ သတင်းဌာနအတွက် လုပ်ငန်းလိုင်စင်ရအောင် နာမည်ခံ ကူညီပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
အဖမ်းခံရချိန်မှာလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ ပါတီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါ တယ်။
ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ဟာ လည်း ပြီးခဲ့တဲ့ ဩဂုတ် လ ၂၄ ရက်နေ့က အာဏာဖီဆန်လာအောင်ပြုလုပ်မှု ရာဇသတ် ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ မန္တလေး အိုးဘို ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပါတယ်။

ပြည်တွင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းစာဆရာတစ်ဦးတစ်ဦးကတော့ သတင်းမီဒီယာသမားတွေဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ ပြောပါတယ်။
“ပြည်တွင်းမှာ လိုင်စင်ပိတ်တာ ဘာမှ သက်ရောက်မှု မရှိဘူးလို့ တစ်ဖက်က ပြောလို့ ရရင် ပြောလို့ရပေမယ့် ပြည်တွင်းမှာ လုပ်ပေးနေတဲ့ သတင်းထောက်တွေ ရှိရင်တော့ သတင်းထောက်တွေက အဲဒီလိုင်စင်ဖျက်သိမ်း ထားတဲ့ဟာတွေက အဲဒီ သတင်းထောက် တွေအတွက် ပြစ်ဒဏ်ပိုကြီးနိုင်တာပေါ့။ ဖမ်းဆီးမှုတွေက ရှိနေဆဲပဲ။ အဖမ်းခံရတဲ့ဟာ တွေက ရှိနေဆဲပဲ ဆိုတော့ ဒီအခြေအနေ အတိုင်းက ဆက်ဖြစ်နေဦးမယ့်သဘော ရှိတယ်။ ဖမ်းဆီးခံရသူတွေလည်း မနှစ်ကလို အခု ပြန်လွှတ်တဲ့ဟာမျိုး မရှိတော့ဘူးပေါ့နော်။ သတင်းသမားတွေ အားလုံးက တရားစွဲခံရတယ်။ ပြစ်ဒဏ်ချခံရတဲ့ အနေအထားမျိုးတွေ တွေ့နေရတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဧရာဝတီသတင်း ဌာနနဲ့ ဘီဘီစီမြန်မာပိုင်း သတင်းဌာနတွေဟာ လုပ်ကြံသတင်းတွေ ထုတ်လွှင့်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲခဲ့သလို တရားစွဲ အရေးယူမယ်လို့လည်း ကြေညာခဲ့ပါတယ်။
အဲဒီနောက် ဧရာဝတီသတင်းဌာနကို လိုင်စင် ပိတ်သိမ်းတဲ့အကြောင်း စစ်ကောင်စီရဲ့ ကြေညာချက် ထွက်ပေါ်လာတာလို့လည်း လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အဖြစ်မှန်အတိုင်းရေးသားတင်ပြနေတဲ့ လွတ်လပ်တဲ့သတင်း မီဒီယာတွေကို စစ်ကောင်စီက အရေးယူနေတာဟာ မုန်းတီးမှုကြောင့်ဆိုတာ မြင်နေရ တယ်လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။
“သူတို့ အာဏာသိမ်းတဲ့အခါမှာတော့ ဒီမီဒီယာတွေက သူတို့ဘက်ကို ပါမယ်လို့ အစောကြီးကတည်းက စစ်တပ်က ထင်ခဲ့ပုံရတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတော့ လူထုဆန့်ကျင် တော်လှန်မှုတွေနဲ့ မီဒီယာတွေက အမှန်အတိုင်း ရေးသားဖော်ထုတ်တဲ့ အခါမျိုးမှာ သူတို့တွေက မီဒီယာကို တော်တော်ကို မုန်းတီးပြီးတော့ အခု ဟို NUG နဲ့ တန်းတူပေါ့ဗျာ။ ပြောရရင်တော့ သူတို့ ပါးစပ်ကပြောတဲ့ ပြည်ဖျက်မီဒီယာပေါ့။ သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရတော့တဲ့အချိန်မျိုးမှာ မီဒီယာအပေါ် ကို ပိုပြီးတော့ ရှက်ရမ်း ရမ်းသွားတယ်လို့ မြင်တယ်။ အဲဒီအခြေအနေ ကပဲ အဆိုးဆုံးအခြေအနေကို တွန်းပို့ လိုက်တဲ့ အနေအထားလို့ ကျနော်ကတော့ မြင်တယ်ဗျ”
သတင်းသမားတွေဟာ လက်ရှိသတင်းမီဒီယာ အလုပ်ကို မလုပ်တော့ဘဲ အရင်က လုပ်ခဲ့ ဖူးရုံနဲ့ ဖမ်းဆီးထောင်ချ ခံရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရသလို မြေပြင်မှာလည်း သတင်းရင်းမြစ်တွေက အကြောက်တရား ကြောင့် သတင်းမှန်တွေကို ထုတ်မပြောရဲကြ တော့တဲ့အတွက် ပြည်သူတွေမှာ သတင်းသိပိုင်ခွင့် ဆုံးရှုံးနေရတယ် လို့ ကိုစိုးရက ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၈ ရက်နေ့ မှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် စတဲ့ သတင်းဌာနတွေ ပထမဆုံး ထုတ်ဝေခွင့် ပိတ်သိမ်းခံခဲ့ရပါတယ်။
အဲဒီနောက် မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်)သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ ကန္တာရဝတီ တိုင်း(မ်)၊ မွန်သတင်း အေဂျင်စီနဲ့ အခု ဧရာဝတီ သတင်းဌာနတို့ကို ထုတ်ဝေခွင့် လိုင်စင် တွေ ဆက်တိုက် ရုပ်သိမ်းခံခဲ့ရပါတယ်။
အဲဒါကြောင့် အာဏာသိမ်း လ ၂၀ ကျော်အတွင်း လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုအထိ ရှိလာနေတာ ဖြစ်သလို နောက်ထပ် စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခု၊ စုစုပေါင်း ခြောက်ခုကိုလည်း စစ်ကောင်စီဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းထားပါတယ်။