စစ်ရေး ပြင်းထန်နေချိန်မှာ စစ်တပ်ထောက်ခံပွဲတွေတန်ပြန်ပြုလုပ်လာ
2023.11.15
ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် နိုင်ငံ့နေရာ အတော်များများမှာ စစ်ကောင်စီကို ထိုးစစ်ပြင်းထန်နေတဲ့အချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြစ်ကြီးနားမြို့တွေမှာ စစ်တပ် ထောက်ခံပွဲတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာ တွေ့ရပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်သွားဖို့၊ နယ်မြေ တည်ငြိမ်အေးချမ်းဖို့စတဲ့ စစ်ကောင်စီအာဘော် တောင်းဆိုချက်တွေကိုလည်း စစ်တပ် ထောက်ခံပွဲတွေမှာ ကြားရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် ခန်းမရှေ့မှာ စစ်တပ် ထောက်ခံပွဲကို လူတစ်ရာလောက်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ဒီထောက်ခံပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က ချည့်နဲ့နေတာကို ဖုံးကွယ်ဖို့နဲ့ စစ်တပ်ကို ထောက်ခံတဲ့သူတွေ ရှိနေတယ်ဆိုတာကို ပြဖို့အတွက် လုပ်နေတာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ယောက်က မှတ်ချက်ပေးပါတယ်။
“သူတို့ရဲ့ လုပ်ဆောင်ချက် သူတို့ကို ဒီလိုရှိသေးတာ၊ ရှိပါသေးလား ဆိုတာကို သူတို့က ပြချင်တဲ့သဘောပါပဲ။ တခြားနည်းလမ်းနဲ့ တစ်ဖက်ကို မက်ဆေ့ ပြန်ပေးနေတာပေါ့ သဘောတရားက။ တိုင်းပြည်မှာ သူတို့ ဘယ်လောက် ထောက်ခံတယ်ပဲပြောပြော မထောက်ခံတယ်ပဲပြောပြော လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်ကိုပဲကြည့် ဖြစ်နေတဲ့ ပြည်သူတွေက ဓာတ်ဆီတောင် သူတို့ မပေးနိုင်တဲ့ဟာ ဒါကို ထောက်ခံတယ်လို့ သူတို့ ပြောနေတာ”
နိုဝင်ဘာလ ၁၁ ရက်နေ့ကတော့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ (၁၁၁၁) အောင်သပြေ လူထုလှုပ်ရှားမှု ဖော်ခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီ တပ်သားတွေ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် တိုက်ပွဲတွေရဲ့ အောင်မြင်မှုတွေကို ကြိုဆိုတာကိုပြကြဖို့ အောင်သပြေ လှုပ်ရှားမှုလုပ်တာလို့ ဒီမိုကရေစီ အင်အားစုတွေက ပြောပါတယ်။
ဒီကြားထဲမှာပဲ သပြေပန်းပန်ပြီး ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ် ဓာတ်ပုံမျှဝေခဲ့တဲ့ မန္တလေးမြို့က အမျိုးသမီးတချို့ အဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။ ဘယ်နှယောက် အဖမ်းခံရလဲ၊ ဘယ်ရောက်နေလဲ ဆိုတာတော့ RFA က သီးခြား စုံစမ်းအတည်ပြုလို့ မရသေးပါဘူး။
ဒါပေမဲ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေဟာ အောင်မြင်မှုရှိခဲ့ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကတော့ သမိုင်းမှာ အမဲစက်ထင် ကျန်ရစ်မယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပါတယ်။
“တစ်လေးလုံးတို့ အောင်သပြေမှ မဟုတ်ဘူး။ ရှေ့မှာလည်း နှင်းဆီကန်ပိမ်းတို့ လုပ်ခဲ့တာရှိတယ်၊ Silence day တွေရှိတယ်။ ဒါတွေက အောင်မြင်မှုတွေပဲလေ။ ပြည်သူတွေက လိုလိုချင်ချင် ပါဝင်ဆင်နွှဲကြတာ။ ဟန်ဆောင်ပန်ဆောင်နဲ့ သူတို့လို ဟိုနားရုတ်ရုတ် ဒီနားရုတ်ရုတ် ဗီနိုင်းကိုင်ပြီးမှ ဆူးလေ လမ်းသွား ဆန္ဒပြတာတို့ ကျောက်တိုင်ကွင်း ဆန္ဒပြတာတို့ မန္တလေး တံခွန်တိုင်း အဝိုင်းဘက်တို့ ဒါတွေက ရှင်းရှင်းပြောရရင် ကောက်ရိုးမီးတွေပဲ။ သူတို့ ခေတ်အဆက်ဆက် လုပ်လာတဲ့လုပ်ရပ်တွေ။ အဲဒီလုပ်ရပ်က သူတို့က အယောင်ပြ လုပ်တဲ့အလုပ် သူတို့ လုပ်တဲ့ဟာက ဘာမှ မှတ်တမ်းသမိုင်းမှာ မကျန်ခဲ့ဘူးရယ်။ သူတို့က အမဲစက်ပဲ ကျန်ခဲ့မှာ”
မန္တလေးမြို့မှာတော့ ကျုံးမြို့ရိုးဘေး၊ မြို့အဝင် အဝိုင်းထိပ်နဲ့ ရတနာပုံ တံတားထိပ်တွေမှာ စစ်တပ် ထောက်ခံပွဲတချို့ လုပ်ခဲ့တာ တွေ့ရပါတယ်။
နေပြည်တော်မှာတော့ ဒီမိုကရေစီ အင်အားစုတွေက တစ်လေးလုံး လှုပ်ရှားမှုလုပ်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တပ်ထောက်ခံပွဲကို တစ်ပြိုင်နက်တည်း တန်ပြန်ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရတဲ့ စစ်တပ်ကို အားပေးဖို့အတွက် ထောက်ခံပွဲတွေကို ပြုလုပ်ရတာလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီရဲ့ နေပြည်တော်ရုံး ဥက္ကဋ္ဌ ဦးလှဆွေက RFA ကို ပြောပါတယ်။
“လောလောဆယ်မှာ တပ်မတော်က ဘက်ပေါင်းစုံကနေ ထိုးနှက်ခံနေရတာပေါ့နော်။ ပြည်တွင်း ပြည်ပ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရတာပေါ့။ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ရော တပ်မတော်ကို တိုက်ခိုက်နေတာပေါ့။ အဲဒီလို တိုက်ခိုက်နေတဲ့ဟာတွေကို ရွပ်ရွပ်ချွံချွံ ခုခံနေတဲ့ တပ်မတော်သားတွေကိုတော့ အားပေးဖို့ လိုအပ်တယ်၊ တပ်မတော်ကြီးဘက်မှာ ပြည်သူလူထုက ရှိနေပါတယ် ဆိုတာကို ငြိမ်းချမ်းစွာ နေလိုတဲ့ ပြည်သူလူထု ကိုယ်စား ထောက်ခံပေးတာ ဒါပါပဲ”
နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် မြဝတီသတင်းစာနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ စစ်တပ်ထောက်ခံပွဲ သတင်းတွေကို မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒီလို ဝါဒဖြန့်တာတွေကို စစ်ကောင်စီ တပ်သားတွေ ကိုယ်တိုင်က အယုံအကြည် မရှိတော့ဘူးလို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“စစ်တပ်ဟာ အားနည်းနေပြီ ယိုင်နဲ့ ပြိုကျနေပြီဆိုတာကို စစ်တပ်ရဲ့အောက်ခြေ အကြပ်တပ်သားတွေကစလို့ အလယ်အလတ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တွေ ဗိုလ်ချုပ်တွေ ကိုယ်တိုင်လည်း သိပါတယ်။ ထိပ်ပိုင်း စကစ ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမဲ့ ဒီအနေအထားကို သိပါရဲ့သားနဲ့ပေါ့ဗျာ။ အားလုံးက ဟန်ကိုယ့်ဖို့နဲ့ စစ်တပ်ကို လူထုက ထောက်ခံနေပါတယ်တို့။ စစ်တပ်က အားရှိနေပါသေးတယ်ဆိုပြီးတော့ အမျိုးမျိုးပေါ့၊ တန်ပြန်ပြီးတော့ ဝါဒဖြန့်နေတာ ဒါတောက်လျှောက် ဝါဒဖြန့်နေတာပါပဲ။ သူတို့ကိုယ်တိုင် ဝါဒဖြန့်နေတာကို သူတို့ကိုယ်တိုင် မယုံဘူး။ လူထုကလည်း ပိုတောင် ဆိုးသေး မယုံဘူး။ နိုင်ငံတကာကလည်း မယုံဘူးပေါ့ဗျာ”
စစ်ကောင်စီကို အားပေးတဲ့သူတွေက စစ်တပ်ထောက်ခံပွဲတွေ လုပ်နေတဲ့အပြင် ရှေ့တန်းရောက် တပ်သားတွေအတွက် ပြည်သူလူထုက ငွေနဲ့ အစားအသောက်တွေ လှူနေကြတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေတာတွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီ တပ်သားတွေ လက်နက်ချနေတဲ့သတင်းတွေ တွေ့နေရပါတယ်။