ကချင်ပြည်နယ် တိုက်ပွဲပြင်းထန်ပြီး ခလရ (၁၄၂) တပ်ရင်း လက်နက်ချ

[Update: 6: 21 PM, March 8, 2024]

KIA/ PDF ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်နဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ်လ ၈ ရက် ဒီနေ့မှာ ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ့ဖုန်းယန်မြို့ဟာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာတည်ရှိပြီး လက်နက်ချတဲ့ ခလရ (၁၄၂) တပ်ရင်းဟာ ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေးမှာ အခြေစိုက်ထားတာပါ။

"သူတို့ အလံဖြူထောင်လိုက်ပြီ။ အဲဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတွေရော၊ ကျန်တဲ့သူတွေရော အကုန်လုံးကို (KIA) က တောင်ပေါ်ကို ခေါ်သွားပြီတဲ့"

ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ခလရ (၁၄၂) တပ်ရင်းတစ်ရင်းလုံး လက်နက်ချလိုက်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက RFA ကို ဒီနေ့မွန်းလွဲပိုင်းက ပြောပါတယ်။

“သူတို့ အလံဖြူထောင်လိုက်ပြီ။ အဲဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတွေရော၊ ကျန်တဲ့သူတွေရော အကုန်လုံးကို (KIA) က တောင်ပေါ်ကို ခေါ်သွားပြီတဲ့။ ပြင်းထန်ထန် တိုက်နေတာ နှစ်ရက်ရှိပြီ။ မတ်လ ၇ ရက် နေ့ကတည်းက တိုက်နေတာ"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ အဲဒီတပ်ရင်းကို KIA က သိမ်းယူလိုက်ပြီလို့ RFA ကို ပြောပါတယ်။

“မနေ့ကတည်းက တိုက်နေတာ အခုက အကုန်လုံးရပြီ။ အကုန်ပြီးပြီ။ စစ်ကောင်စီတပ်သားတွေ၊ သူတို့ မိသားစုတွေ၊ ရဲတွေ အားလုံး တစ်ရာဝန်းကျင် အဖမ်းခံရတယ်လို့ပြောတယ်။ KIA ဘက်က အကုန်လုံးနေရာ ယူလိုက်ပြီ”

အဲဒီ ခလရ (၁၄၂) တပ်ရင်းမှာ လူအင်အား တစ်ရာကျော်ရှိပြီး မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်မှာ အရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့လည်းဆိုပါတယ်။

ကေအိုင်အို သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ခလရ (၁၄၂) တပ်ရင်းကိုသိမ်းပိုက် နိုင်တာကို အတည်ပြုပါတယ်။

“ဒီနေ့ အောင်မြင်(၁)ကျေးရွာ အင်လုံခက ပြည်သူ့စစ်စခန်းတစ်ခု အပြီးသိမ်းနိုင်တယ်။ အားလုံးဆိုရင် ၁၄ ခုလောက်လို့ပြောလို့ရပြီ။ ဒေါ့ဖုန်းယန်လည်း သိမ်းပြီးပြီလို့တော့ သတင်းတွေကြားနေရတယ်။ အသေးစိတ် အခြေအနေတော့ မသိသေးဘူး”

ကချင်ပြည်နယ်က မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်နဲ့ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို မတ် ၇ ရက် မနေ့ကစလို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ညနေပိုင်းအထိ စစ်ကောင်စီ တပ်စခန်း ၁၄ ခုသိမ်းပိုက်ထားတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လိုင်ဇာဒေသခံတစ်ဦးကလည်း မတ်လ ၈ ရက် ဒီနေ့အထိ လိုင်ဇာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် တရုတ်ပိုင်နက်ထဲ ကျရောက်မီးလောင်ခဲ့တယ်လို့ RFA ကို ပြောပါ တယ်။

“ဒီတရုတ်ပြည်ဘက်မှာ သုံးလုံး ကျတယ်။ နာဘန်းရွာ (တရုတ်နယ်စပ်မြို့) ကို ကျတဲ့အချိန်မှာ အိမ်တစ်အိမ်ကို မီးလောင်တယ်။ ဒီထဲမှာတော့ အခုထိ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ပြီးတော့ လေယာဉ်တွေဆိုတာထက် ကင်းထောက်လေယာဉ်တွေ ပျံတယ်၊ တစ်နေ့လုံးဝဲနေတယ်။ မနေ့က နေ့လယ်ပိုင်းကစပြီးတော့ ည ၆ နာရီ လောက်ထိ (စစ်ကောင်စီရဲ့ လေယဉ်တွေ) ဝဲနေတယ်ပေါ့နော်။

ဒီအခြေအနေတွေကြောင့် လိုင်ဇာမြို့မှာ နေထိုင်သူအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး လမ်းပေါ်သွားလာသူ လုံးဝ မရှိသလို စျေးဆိုင်အားလုံး ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်တွေ တရုတ်နိုင်ငံထဲ ကျရောက်တယ်ဆိုတဲ့ကိစ္စ ထပ်မံအတည်ပြုနိုင်ဖို့အတွက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့မနက်ပိုင်းက အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

KIA တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)
KIA တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)

မတ်လ ၇ ရက်နေ့ကလည်း KIA/ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ မြစ်ကြီးနားအခြေစိုက် လေတပ်ဌာနချုပ်နဲ့ ဗန်းမော်လေယာဉ်ကွင်းကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဗန်းမော်လေယာဉ်ကွင်းကို ပိတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်လေဆိပ်ကို ပိတ်ထားပြီး အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဗန်းမော်တက္ကသိုလ်ဝင်းထဲမှာ မနေ့ညကတည်းက ဝင်ရောက်တပ်စွဲထားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့အခြေအနေကတော့ ဆိုးရွားတယ်လို့ ပြောရမှာပေါ့။ မနေ့ကတည်းကနေ ဒီနေ့ထိ လက်နက်ကြီးသံတွေ တော်တော်ပစ်တယ်။ မြို့တောင် တုန်တယ်။ အားလုံးက အလန့်တကြားတွေဖြစ်နေတာ။ ဘယ်မှာ၊ ဘယ်လိုတွေ လုပ်ရမယ်မှန်း မသိတော့တာ။ တော်တော်လည်း စိုးရိမ်တဲ့အနေအထားမှာ ရှိနေပါတယ်။ လေယာဉ်ကွင်းကလည်း အခုပိတ်ထားတယ်။ ဘယ်ချိန် ပြန်ဖွင့်မလဲ မသိဘူး။ တက္ကသိုလ်မှာလည်း တပ်သွားစွဲလိုက်တယ်လို့ ပြောတယ်။ အဲတော့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ အားလုံး ဗန်းမော်ကို ရှောင်လာတယ်”

လက်ရှိမှာ ဗန်းမော်လေယာဉ်ကွင်းပိတ်လိုက်ရတဲ့အတွက် ရန်ကုန်-ဗန်းမော် ခရီးစဉ်အားလုံးကို ဖျက်သိမ်းပြီး ခရီးသည်တွေကို ငွေပြန်အမ်းနေတယ်လို့ အမည်မဖော်လိုတဲ့ လေယဉ်လက်မှတ်အရောင်းဝန်ထမ်းတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒီနေ့အထိ ဗန်းမော်မြို့ကနေ ဆယ်မိုင်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာကြောင့် ဗန်းမော်မြို့ခံတွေနဲ့ အနီးအနားရွာတွေကနေ ဗန်းမော်မြို့ပေါ်ကို စစ်ဘေးလာရှောင်သူအားလုံး စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး KIA/ PDF ပူးပေါင်းတပ်တွေက ကချင်ပြည်နယ် မိုးမောက်၊ မံစီ၊ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ မံဝန်းကြီး၊ စီခမ်းကြီး၊ ဘလောင်ဒိန်ဆာ၊ ဝှေခါ၊ နန့်တိန် အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း နှစ်ဆယ်လောက်ကို တိုက်ခိုက်သိမ်းယူထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

(မှတ်ချက်။ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အရေအတွက်ကို ဖြည့်စွက်ရေးသားထားပါသည်။)