စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပင့်သာတိုက်နယ်မှာရှိတဲ့ ပင့်သာ၊ အင်းမ၊ ဆားတွင်းကြီးနဲ့ ရှမ်းကုန်းရွာတွေကို နိုဝင်ဘာလ ၁၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်း မီးရှို့ နေတာကြောင့် အနီးအနား ရွာပေါင်း ၂၀ ဝန်းကျင်က ရွာသူရွာသား တစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဟာ နိုဝင်ဘာလ ၁၁ ရက်နေ့စ ဝင်ရောက်လာတာကြောင့် ပင့်သာ၊ ဖလှယ်ရ၊ မကျီးကုန်း၊ ရှမ်းကုန်း၊ ပင်းတဲ၊ အင်းမ၊ ထန်းပင်ကုန်း၊ အုတ်ခင်း၊ နဂါး ပေါ်၊ ပိတောက်ပင်၊ ပင့်သာကြီးရွာ အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး နေကြရတာပါ။
မနေ့တုန်းကတော့ ပင့်သာရွာက အိမ်တစ်ရာဝန်းကျင်၊ အင်းမရွာက အိမ် ၈၀ ဝန်းကျင်၊ ရှမ်းကုန်းရွာက အိမ် ငါးလုံးနဲ့ ဆားတွင်းကြီးရွာက နှစ်လုံးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းမရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ရှင်းရှင်းပြောရရင် တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်တဲ့ ရွာတွေဆိုရင် မီးရှို့တတ်တယ်"
“အခုထပ်ပြီးတော့ အင်းမကိုထပ်ရှို့နေတယ်။ မနေ့က တောင်ဘက်ခြမ်းပေါ့။ ဒီနေ့တော့ မြောက်ဘက်ခြမ်း၊ ဆားတွင်းကြီးရောဆိုရင် လေးရွာပေါ့။ ဆားတွင်းကြီးနဲ့ ရှမ်းကုန်းနဲ့ ကတော့ နေအိမ်မများဘူးပေါ့။ ဆားတွင်း ကြီးမှာက နှစ်လုံးနဲ့ ရှမ်းကုန်းမှာက ငါးလုံး။ အများဆုံးကတော့ ပင့်သာပေါ့။ ပင့်သာဆိုရင် မနေ့တုန်းက တစ်ရာကျော် ပါသွားတယ် ခန့်မှန်းခြေ။ အခုလည်း စစ်ကြောင်းကတော့ အင်းမနဲ့ ပင့်သာမှာပဲ ရှိနေတုန်းပဲ ”
အင်းမရွာထဲကို လက်နက်ကြီးနဲ့ပစ်ပြီးဝင်ခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ရွာအဝင်မှာ မိုင်းဆွဲ ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့သလို ပင့်သာရွာက ဒေသခံသုံးဦးကိုလည်း ဖမ်းထား တယ်လို့ အဲဒီရွာခံက ပြောပါတယ်။
ပင့်သာတိုက်နယ်ထဲက ရှမ်းကုန်းရွာမှာတော့ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်ထဲအထိ ဝင်ပြီး မီးတုတ်တွေနဲ့ ရှို့ခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရှမ်းကုန်းကိုဝင်တော့ ရှမ်းကုန်းက ငါးအိမ်တော့ မီးရှို့သွားတယ်။ ပကဖ (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ခေါင်းဆောင်အိမ်နဲ့ ကျန်တဲ့အဖွဲ့ဝင်အိမ်တွေကို ရှို့သွားတယ်။ အင်းမမှာဝင်တော့ကျတော့ အဲဒီဘက်မှာ တော် တော် များများ ရှို့သွားတယ်။ မီးတုတ်နဲ့ ကျကျနန လုပ်ပြီးတော့မှ ရှို့တာ။ အုပ်စုဖွဲ့ပြီးတော့ အိမ်ထဲကိုဝင်သွားတယ်။ သူတို့သိ တဲ့အိမ်ပေါ့ဗျာ။ သွားဝိုင်းပြီးတော့။ လေးငါးခြောက်ယောက်လောက်ကတော့ မီးတုတ် ကိုင်ပြီးတော့ ရှို့တာတွေ့တယ်”
လောလောဆယ်မှာ ပင့်သာတိုက်နယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် အနီးအနား ကျွန်းလှ မြို့နယ် တောင်ယာပိတ် အုပ်စုထဲမှာရှိတဲ့ ရွာတချို့မှာနေထိုင်သူတွေပါ အိုးအိမ်စွန့်ခွာထွက်ပြေး နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါ ပါဝင်သလို ပြင်ဆင်ချိန်မရဘဲ ထွက်ပြေးလာရတာကြောင့် နေစရာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခုခံ တော်လှန်မှု အားကောင်းတဲ့ ရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးနေတယ်လို့ RFA ကို ပြောပါတယ်။
“အင်းမကတော့ မနက်လင်းကတည်းက ထပ်ရှို့နေတယ်။ မနေ့ကလည်းရှို့တယ်။ မနေ့က နေ့လယ်ကဝင်ပြီး တစ်ညနေလုံး ရှို့တယ်။ ဒီမနက်လည်း ဆက်ရှို့တယ်။ ကြားရတဲ့သတင်းအရ အိမ်မကျန်တော့သလောက် ဖြစ်သွားပြီ ထင်တယ်။ သူတို့က ရှင်းရှင်းပြောရရင် တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်တဲ့ ရွာတွေဆိုရင် မီးရှို့တတ်တယ်။ စစ်ကြောင်းတစ်ကြောင်းက ကျကျန်ခဲ့တဲ့ စာရွက်ထဲမှာဆိုရင် ရွာတွေကို မီးရှို့မယ့်စာရင်းက သူတို့မှာ အကုန်ပါပြီးသား”
ကန့်ဘလူဟာ စစ်ကောင်စီကိုထောက်ခံမှု အတော်အသင့်အားကောင်းခဲ့တဲ့ မြို့နယ်ဖြစ်လို့ စစ်ကိုင်းတိုင်းအတွက် အဓိကအရေးပါပြီး စစ်ရေးအရ ခြေကုပ်ယူနိုင်မယ့် နေရာတစ်ခု အဖြစ် ဆောင်ရွက်နေတာဖြစ်နိုင်တယ်လို့ ကန့်ဘလူမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အချို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က မေးမြန်းတဲ့အခါ မှာတော့ သူ့အနေနဲ့ အခုလို ရွာတွေမီးရှို့ခံရတာအပါအဝင် စစ်ရေးဆိုင်ရာ သတင်းတွေကို အတည်ပြုချက်မပေးနိုင်တာကြောင့် အရပ်ဘက်ဆိုင်ရာ သတင်းတွေကိုပဲ ဆက်သွယ် မေးမြန်းဖို့ ဖြေကြားပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ RFA က ဆက်သွယ်မေးမြန်းတဲ့အခါ စစ်ကောင်စီတပ်သားတွေက ဒီလိုမီးရှို့တာတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
အခုနောက်ပိုင်း ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုးတာတွေပိုဆိုးလာပြီး နေရာတိုင်းမှာ စစ်ကြောင်းတွေ ရှိနေတယ်လို့ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။
“စစ်ကြောင်းထိုးတာတွေက ပိုဆိုးလာတယ်ပေါ့ဗျာ။ ကန့်ဘလူမြို့နယ်ထဲမှာကိုပဲ ကိုးတောင်ဘို့ဘက်မှာကိုပဲ စစ်ကြောင်းတွေ ရှိတယ်။ အခု ပင့်သာဘက်မှာ စစ်ကြောင်းတွေရှိတယ်။ ဒီဘက် ကန့်ဘလူ အရှေ့ဘက်မှာလည်း ရှိတယ်။ အခု ပင့်သာဘက်ကို ထိုးသွားတဲ့စစ်ကြောင်းဆိုရင် ချောင်းဖျားဘက်ပေါ့နော်။ ချောင်းဖျားဘက်ကို ဆက်ထိုး သွားတယ်လို့ သိရတာပေါ့။ စစ်ကြောင်းတွေကတော့ များတယ်ဗျ။ ကန့်ဘလူမြို့နယ်ထဲမှာကို တော်တော်များတယ်”
အခု ရွာတွေကို မီးရှို့နေတဲ့ စစ်ကြောင်းဟာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၃၆၇) က ဖြစ်တယ်လို့ ဦးနေဇင်လတ်က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေး ပါဘူး။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေ အရ အာဏာသိမ်း ကာလ အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၀,၁၅၃ လုံး နဲ့ အများဆုံး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။