ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ် တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ သုံးလကျော်ကာလမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးလောင်ဗုံးချတာ၊ မီးရှို့တာတွေကြောင့် ကော့ကရိတ်မြို့က နေအိမ် ၄၅၀ ကျော်လောက် မီးလောင်ပျက်စီးနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သုံးလကျော်အတွင်းမှာ မီးလောင်တဲ့ အိမ်ကတော့ ၄၅၀ ကျော် အဲ့လောက်လောက်တော့ရှိတယ်၊ မီးလောင်တာကလည်း အကြိမ် ၂၀ လောက် ရှိနေပြီဆိုတော့လေ၊ အဲ့ဒီပတ်ချာလည်ပေါ့နော် အဲ့လောက်လောက် ရှိနေပြီဆိုတော့ မြို့ထဲမှာ နည်းနည်းငြိမ်လို့ရှိရင် သွားရှောင်တဲ့လူတွေက ပြန်ဝင်လာပြီးတော့ မီးလောင်တဲ့နေရာတွေ ဘာတွေ အဲ့လို လာကြည့်တာပေါ့"
ကော့ကရိတ်မြို့ထဲမှာ KNLA မဟာမိတ်ပူပေါင်းတပ်တွေ ဝင်ရောက်စစ်ရေးလှုပ်ရှား တိုက်ခိုက်လို့မရအောင် အခုလို နေအိမ်မီးရှို့တာ၊ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်တာအပြင် ခလရ ၉၇ တပ်က လက်နက်ကြီးနဲ့ ရပ်ကွက် တွေထဲ ပစ်ခတ်တိုက်ခိုက်လို့ စစ်ဘေးရှာင်နေအိမ်တွေ မီးလောင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ စစ်ကြောင်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီဘက်က ဒရုန်းနဲ့လေ မီးလောင်ဗုံးတွေလိုက်ကြဲတယ်၊ ပြီးတော့ ရှို့မီးတွေပေါ့နော် လိုက်ရှို့တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ တောက်လျှောက်ထုတယ်၊ အဲ့ဒါကြောင့်မို့လို့ အခု ဒီကော့ကရိတ်ထဲကလေ အိမ်တော်တော်များများက မီးလောင်ပျက်စီးပြီး ဆုံးရှုံးကုန်တာလေ တော်တော်များများရှိတယ်၊ နေ့တိုင်း အဲ့လိုမျိုး အိမ်တွေမီးလောင်နေတာ"
အခုလို တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့အချိန်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မီးလောင်ပျက်စီးတာအပြင် အုပ်စုဖွဲ့ ခိုးယူသူတွေက စစ်ဘေးရှောင်နေတဲ့ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းခိုးယူပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"အခု မီးလောင်တာက ကော့ကရိတ်မှာ ရှို့မီးက ပိုများနေတယ်၊ ဒီမတ်လ ၁၁ ရက်နေ့နဲ့ ၁၂ နေ့ကဆိုရင် အိမ်အလုံး ၅၀ လောက်ပါသွားတယ်၊ အမှတ် ၆ နဲ့ အမှတ် ၄ ဆိုရင်ပေါ့၊ အခုက ၁၁ ရက်နေ့က လောင်တာဆိုရင် တိုက်ပွဲဖြစ်သံ လက်နက်ကြီးသံ ဘာမှမကြားရဘဲနဲ့ကို မီးက သူ့ဟာသူထလောင်တာ ဒါရှို့မီးကြောင့်ပဲ ဖြစ်ဖို့များတယ်လေ။ ပြီးတော့ဒီ သူခိုးတွေကလည်း အဲ့လိုအရမ်းများတယ် အဖွဲ့လိုက်သူတို့ခိုးတာတွေလည်း ရှိတယ်၊ သူတို့ခိုးပြီးလို့ကုန်သွားရင် အိမ်တွေကို မီးရှို့ပစ်လိုက်တယ်”

လတ်တလော ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ နေတိုင်းဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇာ်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အခု မတ်လအတွင်း ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KNLA မဟာမိတ်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်စခန်းတွေကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေသလို လေတပ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNLA မဟာမိတ် စစ်ကြောင်းတွေက ထုတ်ပြန်ပြောဆိုတာတွေ ရှိနေပါတယ်။