ကရင်နီပြည်လို့ ဒေသခံတွေခေါ်တဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်တွေက ရှားတောမြို့ကို အလုံးစုံသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့စခန်းတွေကိုပါ ရရှိခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
လွိုင်ကော်၊ ရှားတော ၊ ဘောလခဲနဲ့ ဖယ်ခုံမြို့နယ်တို့မှာ ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့နေရာတွေကို ရခဲ့တာလို့ ဆိုပါတယ်။
ရှားတောမြို့မှာ အဓိကထိုင်ထားတဲ့ ကာကင်းစခန်းနဲ့ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရှားတောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သလို၊ ရွာသစ်နဲ့ ဘောလခဲကြားက ၁၂ မိုင်ကုန်းစခန်းကိုလည်း သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီအပြင် စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးသွားတဲ့ သံလွင်မြစ်အရှေ့ခြမ်းက ကျားပါးစပ်ကြီးစခန်း၊ ဟွေအွန်တပ်စခန်းနဲ့ တာတမော့စခန်းတို့ကိုလည်း ရခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနဲ့ ပြန်ကြားရေးက အမည်မဖော်လိုတဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
"သံလွင်မြစ်ရဲ့ အရှေ့တလျှောက် ထိုင်း-ကရင်နီ နယ်စပ်မှာ စိုးမိုးကုန်းတွေ ပုံစံမျိုးနဲ့ ရှိနေခဲ့တဲ့ နေရာတွေ ဖြစ်တယ်။ ဒီစခန်းတွေက နောက်ပိုင်းမှ ရှိလာတာ မဟုတ်ဘဲနဲ့ လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက စစ်ကောင်စီက နယ်စပ်တစ်လျှောက်မှာ အရေးပါတဲ့ စခန်းအဖြစ် ထိုင်ထားတဲ့ နေရာတွေ ဖြစ်တယ်။ နယ်စပ်အတွက်လည်း အရေးပါသလို တော်လှန်ရေးတပ်နဲ့ ကြားမှာလည်း သူတို့အတွက် အရေးပါတဲ့ စခန်းတွေ ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့"
အဲဒီစခန်းတွေကိုရှင်းလင်းပြီးတဲ့နောက် ဖျက်ဆီးသင့်တဲ့စခန်းတွေကို ဖျက်ဆီးပစ်လိုက်တယ်လို့ သူက ဆိုပါတယ်။
ကယားပြည်နယ်မှာ (ကရင်နီဒေသ) ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ ၊ လွိုင်ကော်က နေရာအများစုကိုလည်း ထိန်းချုပ်ထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက ပြောပါတယ်။

ရှားတောမြို့က ဗျူဟာကုန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဒေသခံတွေအတွက် ရှားတောမြို့ အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ (ယာယီ) ကို ဖွဲ့စည်းထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ဗညားခွန်အောင်က RFA ကို ပြောပါတယ်။
"ဖွဲ့စည်းရတဲ့ အဓိကအကြောင်းအရင်းကတော့ လူထုတွေအနေနဲ့ ကိုယ့်အိုးကိုယ့်အိမ်တွေကို ပြန်လာကြည့်တဲ့အချိန်မှာ စနစ်တကျသွားလာနိုင်အောင်၊ ပစ္စည်းတွေပျောက်ရှမှုမရှိအောင်၊ မိုင်းရှင်းလင်းရေးတွေ လုပ်နိုင်ဖို့အတွက် ရည်စူးတယ်။ နောက်တစ်ခုက မြို့ကို ပုံမှန် ပြန်လည်ပတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် တစ်စချင်းတစ်စချင်း အန္တရာယ်ကင်းတဲ့နေရာတွေလို့ ဇုန်တွေသတ်မှတ်ပြီးတော့မှ လူထုတွေ ပြန်လာနေလို့ရအောင်ပေါ့နော်"
ကယားပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ မယ်စဲ့၊ ဖရူဆို၊ ဖားဆောင်းမြို့နယ်နဲ့ မြို့တော် လွိုင်ကော်တို့က တချို့ဧရိယာတွေမှာလည်း အလားတူ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေ စပြီးဖော်ဆောင်နေတယ်လို့ သူကပြောပါတယ်။
ကယားပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့နယ်မြေ မြင့်တက်လာပေမယ့် စိုက်ပျိုးရေးမလုပ်နိုင်တာအပြင် စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် အခြေခံစားသောက်ကုန် လိုအပ်ချက်မြင့်တက်ပြီး စျေးကြီးပေးဝယ်နေရတယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကျလိုက်၊ လေယာဉ်လာလိုက်ဆိုတော့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုတွေလည်း မရှိနိုင်တဲ့အခါကျတော့လေ ရိက္ခာတွေ ပိုမိုပြီးတော့မှ လိုအပ်နေတာပေါ့နော်"
"လမ်းပန်းဆက်သွယ်ရေးကတော့ ကယားပြည်နယ်ကိုဝင်တဲ့ လမ်းမှန်သမျှ အကုန်လုံးကတော့ တိုက်ပွဲဖြစ်နေတယ်။ တချို့ တော်လှန်ရေးအင်အားစုတွေကတော့ သိမ်းပိုက်ထားပေမယ့်လည်း စစ်ကောင်စီက ပိတ်ဆို့ထားနေတုန်းပဲပေါ့နော်။ တိုက်ပွဲတွေ ဖြစ်တယ်၊ ပြီးတော့မှ ခဏနေ လက်နက်ကြီးကျလိုက်၊ လေယာဉ်လာလိုက်ဆိုတော့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုတွေလည်း မရှိနိုင်တဲ့အခါကျတော့လေ ရိက္ခာတွေ ပိုမိုပြီးတော့မှ လိုအပ်နေတာပေါ့နော်"
ကယားပြည်နယ်မှာ လူဦးရေ စုစုပေါင်း လေးသိန်းနှစ်သောင်းရှိတဲ့အနက် သုံးသိန်းခွဲလောက်က နေရပ်စွန့်ခွာထွက်ပြေးနေရလို့ စားနပ်ရိက္ခာခက်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။
ဖေဖော်ဝါရီလထဲမှာ အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ရှမ်း - ကယားအစပ်က ဖယ်ခုံမြို့နယ် အပါအဝင် ကယားပြည်နယ်ထဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် တစ်လေးလုံး စစ်ဆင်ရေးစခဲ့တဲ့ နိုဝင်ဘာကနေ ဖေဖော်ဝါရီလအထိ သေဆုံးတဲ့အရပ်သား ၉၆ ဦးရှိပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ရဲ့ မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂.၇ သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ၁၈.၆ သန်းက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပါတယ်။