ကျောက်ဖြူက မွတ်စလင်ဒုက္ခသည်စခန်းကို အပြီးရွှေ့ဖို့ ဖိအားပေးခံထားရ

RFA Burmese
2023.04.24
ကျောက်ဖြူက မွတ်စလင်ဒုက္ခသည်စခန်းကို အပြီးရွှေ့ဖို့ ဖိအားပေးခံထားရ ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ခိုလှုံနေတဲ့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အတွင်း ပြောင်းရမယ်လို့ စစ်ကောင်စီက ဖိအားပေးတာကြောင့် မနေ့ကစပြီး နေရာသစ်ကို ပြောင်းရွှေ့နေရတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။ နေရာသစ်ဟာ လမ်းပမ်းဆက်သွယ်ရေးနဲ့ နေထိုင်ရေးအဆင်မပြေသေးတဲ့ မြို့နဲ့ ၃ မိုင် လောက် အဝေးက လယ်ကွင်းပြင်တွေဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒုက္ခသည် စခန်းရဲ့ ကော်မတီဝင်တွေ ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး၊ နေရာသစ်ကိုပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတာလို့ ဆိုပါတယ်။

"ငြင်းလို့မှ မရတော့ အခုပြောင်းမယ်ဆိုလည်း ပြောင်းရတာပေါ့”

လက်ရှိမှာ အိမ်ခြေ ၂၀ ကျော်ပြောင်းရွှေ့ထားတယ်လို့ ကျောက်တစ်လုံး ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဦးမောင်နီက RFA ကို ပြောပါတယ်။

“ကျနော်တို့ သွားတွေ့တုန်းက မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အကုန်လုံးရှိတယ်။ ကျနော်တို့ ကော်မတီဝင်တွေရှိတယ်။ အဲဒီ အစည်းအဝေးမှာ ပြောကြတာပေါ့။ ဥပုသ်လည်းပြီးပြီ အဲဒီမှာပြောင်းဖို့ အစီအစဉ်ကိုပြောကြတယ်လေ။ ၂၃ အိမ်ကတော့ မနေ့ကပြောင်းပြီးသွားပြီ။ ဒီနေ့လည်း ဆက်ပြောင်းကြမှာပေါ့”

အဲဒီကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ မွတ်စလင် အိမ်ထောင်စုသုံးရာကျော်ရှိပြီး လူဦးရေအနေနဲ့ဆို ၁၅၀၀ ကျော်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ကျောက်ဖြူမြို့ပေါ်က အရာရှိ ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ သဗ္ဗာန်ချောင်း ရပ်ကွက်တွေမှာနေထိုင်ခဲ့ကြတဲ့ ကမန်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် အဲဒီလူတွေရဲ့အိမ်တွေဖျက်ဆီးခံရပြီး ကျောက်တစ်လုံးဒုက္ခသည် စခန်းမှာ ခိုလှုံနေခဲ့တာ အခုဆိုရင် ၁၂ နှစ်နီးပါးရှိအထိ ရှိနေတာဖြစ်ပါတယ်။

သူတို့ကို ပြန်လည်နေရာချထားဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကတည်းက နေရာသစ်တစ်ခု စီစဉ်ထားခဲ့တာပါ။ လူနေအိမ် ၃၆၃ လုံးနဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရေမီးရရှိရေး အပါအဝင် မြေယာ လျော်ကြေး ပေးဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေထဲက ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော်အထိ အသုံးပြုဖို့ NLD အစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မွတ်စလင်တွေကတော့ သူတို့ပြောင်းရမယ့်နေရာသစ်ဟာ မြို့နဲ့အလှမ်းဝေးသလို လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေတဲ့အတွက် အကြိမ်ကြိမ်ငြင်းဆိုခဲ့ကြပြီး မြို့ပေါ်က သူတို့ရဲ့မူလနေရာတွေကို ပြန်မရရင်တောင် မြို့နဲ့အနီးဆုံးမှာ နေရာချထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အခု စစ်ကောင်စီလက်ထက်မှာတော့ ဖိအားပေးလာတာကြောင့် ပြောင်းပေးရတော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွတ်စလင်ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“မပြောင်းချင်လည်း ပြောင်းရတော့မယ်လေ။ သူတို့က ဖိအားပေးတာကို။ မပြောင်းရင် ဒီအထဲမှာ နေလို့မှ မရတော့ဘူးလေ။ မပြောင်းရင် ကိုယ်ပဲထွက်ခံရမှာ။ စိတ်မကောင်း ဘူး။ ကျနော်တို့က ပြတ်ပြတ်သားသား ငြင်းခဲ့တာလေ။ ကျနော်တို့ သူတို့နဲ့ အကြိမ်ကြိမ် တွေ့ခဲ့ပြီးပြီ။ အကြိမ်ကြိမ် ငြင်းခဲ့ပြီးပြီ။ ငြင်းလို့မှ မရတော့ အခုပြောင်းမယ်ဆိုလည်း ပြောင်းရတာပေါ့”

အခု စစ်ကောင်စီက စီစဉ်ထားတဲ့နေရာသစ်ဟာ မြို့နဲ့ သုံးမိုင်ကျော်အထိ ကွာဝေးတာ ကြောင့် အလုပ်အကိုင် အဆင်မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ နေထိုင်ရေး အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာလည်း ရေ၊ မီးနဲ့ လမ်းကအစ အဆင်သင့်မဖြစ်သေးသလို နေအိမ်တွေကလည်း ပျက်စီးနေပြီး အခုနေရာသစ်ဟာ ဒုက္ခသည်တွေအတွက် အဆင်ပြေစရာမရှိဘူးလို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်နောက် တစ်ဦးက RFA ကို ပြောပါတယ်။

“ပြောင်းဖို့ဆိုပေမယ့် အဲဒီမှာဘာမှမရှိဘူး။ မီးလည်း မရှိသေးဘူး။ ရေကလည်း လုံလုံလောက်လောက် မရှိသေးဘူး။ နောက်ပြီး ကြားလမ်းတွေကလည်း ဘာမှအဆင်သင့်မဖြစ်သေးဘူး။ နောက်ပြီး အိမ်တွေက ပြန်ပြုပြင်ရဦးမယ်။ ငွေကြေးတွေမရှိ။ အိမ်တွေကလည်း မိသားစုငါးယောက်တောင်နေဖို့ အဆင်မပြေဘူး။ ကျနော်တို့အတွက်တော့ အဲဒီနေရာမှာ အဆင်ပြေစရာဘာမှမရှိဘူး။ မြို့နဲ့လည်း အလှမ်းဝေးတယ်။ ကျနော်တို့ကို သီးသန့်ထားသလို ဖြစ်နေတယ်။ အဲဒါကြောင့် သွားဖို့က ကျနော်တို့အတွက် အဆင်မပြေဖြစ်တာပေါ့”

စစ်ကောင်စီဟာ နေရာသစ်ကိုပြောင်းပြီး စခန်းပိတ်သိမ်းဖို့အတွက် ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ မတ်လကလည်း ဖိအားပေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မွတ်စလင်တွေရဲ့ ဥပုသ်လဖြစ်နေတာနဲ့ စခန်းမှာပြင်ဆင်စရာတွေရှိနေသေးတာ ကြောင့် မပြောင်းရွှေ့ခဲ့ရဘူးလို့လည်း ဆိုပါတယ်။

အခုတစ်ကြိမ်မှာတော့ မပြောင်းမနေရ အတင်းဖိအားပေးနေတာကြောင့် စိတ်မကောင်း ဖြစ်နေကြတယ်လို့လည်း မွတ်စလင်တွေက ပြောပါတယ်။

ဖိအားပေးပြောင်းခိုင်းတယ်ဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဥရောပမှာနေထိုင်တဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ စစ်ကောင်စီဟာ စေတနာနဲ့ပြောင်းခိုင်းတာ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အစီရင်ခံစာ ကောင်းကောင်းတင်ပြဖို့အတွက်ပဲ လုပ်နေတာလို့ ထောက်ပြပါတယ်။

“စစ်ကောင်စီအနေနဲ့ သူတို့ကို ဒုက္ခသည်စခန်းမှာမထားဘူး။ ပြန်ပြီးတော့ နေရာချ ထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ရဲ့ အစီရင်ခံစာမှာတင်နိုင်တယ်။ ဒါပေမဲ့ စစ်ကောင်စီ ဘက်က ဘယ်လိုပဲ သူတို့အကောင်းလုပ်တယ်လို့ပဲတင်တင် တကယ်တိကျတဲ့ သတင်းအချက်အလက်က အချိန်တန်ရင် တရားရုံးကိုရောက်သွားမယ်။ အခုလုပ်တာက စေတနာအမှန်နဲ့လုပ်တာ မဟုတ်ဘူး။ ဖိနှိပ်တာလို့ပဲ ကျနော်မြင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့မသွားချင်တဲ့နေရာကို အတင်းအဓမ္မ ဝေးလံခေါင်တဲ့နေရာမှာ လုပ်ကိုင်စားသောက်လို့မရအောင် လုပ်တာက ပိုပြီးဖိနှိပ်တာလို့ မြင်တယ်။ ဒါကစေတနာနဲ့ လုပ်တာမဟုတ်ဘူး”

စစ်ကောင်စီအနေနဲ့ စေတနာအမှန်နဲ့ နေရာချထားဖို့ဆိုရင် သူတို့ရဲ့မူနေရာတွေမှာသာ ပြန်လည်နေရာချပေးသင့်ပြီး နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာလုပ်ကိုင်ခွင့် တွေလည်း အပြည့်အဝပေးသင့်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံစတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ မွတ်စလင်တွေ နေရပ်စွန့်ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခဲ့ရပါတယ်။

အဲဒီအထဲက အိမ်ထောင်စု ၈၀ ကျော်နေတဲ့ ကျောက်တော်မြို့နယ် နိဒင်ရွာက ဒုက္ခသည် စခန်းနဲ့ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ မြေပုံမြို့နယ်က တောင်ပေါ်မွတ်စလင်ဒုက္ခသည် စခန်းတွေကို ၂၀၁၈ ခုနှစ်ကတည်းက ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။

စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မွတ်စလင်တစ်သိန်းလေးသောင်း ကျော်နဲ့ ပေါက်တောနဲ့ တခြားမြို့နယ်တွေက မွတ်စလင်တွေကတော့ အခုအထိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။