“ဝ”တပ်ဖွဲ့ နေရာယူထားတဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

RFA Burmese
2024.07.29
“ဝ”တပ်ဖွဲ့ နေရာယူထားတဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA က သတင်းထုတ်ပြန်ထားပေမဲ့ ဒီနေ့အထိ အမှတ် (၁၀) ရပ်ကွက် စစ်တိုင်းရုံးနဲ့ အမှတ် (၉) ရပ်ကွက် ဆင်တောင်ခြေအနီးက သံချပ်ကာတပ်ရင်း၊ အမှတ် (၆၂၆) ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း၊ အမြောက်တပ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက် မနေ့မနက်ပိုင်းက လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေတဲ့ အရပ်သားငါးဦး သေဆုံးခဲ့တယ်လို့ လားရှိုးမြို့က ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က လေယာဥ်ဗုံးကြဲတာ၊ မြို့ထဲမှာကြဲတော့ မန်ဆူရှမ်းကျောင်းထဲ တစ်လုံးကျတယ်။ ပြီးရင် ရပ်ကွက် (၉) နယ်မြေ (၃) မှာ တစ်လုံးကျတယ်။ မန်ဆူဘက်မှာ ကြဲတုန်းကဆိုရင် ပထမလှိုင်းတုန်းက စစ်ရှောင်နေတဲ့ သိန္နီကအဖွဲ့တွေ ငါးယောက်သေတယ်။ ပြီးတော့ ရပ်ကွက် (၉) နယ်မြေ (၃) ထဲမှာက အိမ်ရှေ့မှာ မိုင်းစကျတော့ မိုင်းစက မှန်ကနေပေါက်ပြီး နောက်စေ့ကို ထိသွားတော့ မဝင်းဝင်းဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ကလေးမတစ်ယောက်သေတယ်”

လားရှိုးမြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ (MNDAA) က လားရှိုးမြို့ပေါ်က ဆေးရုံ၊ မြို့မဈေး၊ ရဲစခန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခလရ - ၄၁၊ ခမရ - ၅၀၇၊ ခလရ - ၆၈ နဲ့ ဘူတာရပ်ကွက်မှာရှိတဲ့ ဆင်တောင်အသံလွှင့်ရုံ စတဲ့နေရာတွေကို အပြည့်အဝထိန်းချုပ်ထားပြီး မြို့အုပ်ချုပ်ရေးကို စတင်မယ်လို့ ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: 3 Brotherhood Alliance)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: 3 Brotherhood Alliance)

MNDAA က သတင်းမထုတ်ပြန်ခင် တစ်ရက်အလို ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းမှာ UWSA “ဝ” တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ကို ဝင်ရောက်နေရာယူခဲ့ပါတယ်။

“လားရှိုးဖြစ်စဥ်မှာလည်း မဟာမိတ်အချင်းချင်း ညှိနှိုင်းမှုတွေရှိထားပြီးသား ဖြစ်နိုင်ပါတယ်”

လားရှိုးလူထုရဲ့ လိုလားချက်နဲ့ လားရှိုးမှာရှိတဲ့ “ဝ” ဆက်ဆံရေးရုံးနေရာတွေကို ကာကွယ်ဖို့အတွက် အခုလို ဝင်ရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ MNDAA နှစ်ဖွဲ့လုံးကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ လားရှိုးမြို့ “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက RFA ကို အတည်ပြုပြောပါတယ်။

“ဝ”တပ်ဖွဲ့က နှစ်ဖက်တိုက်ပွဲ အခြေအနေတွေပေါ်မှာ အားပေးတာနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း ကိုညီရမ်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ပထမပိုင်းတုန်းကလည်း ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့တွေကို “ဝ”တပ်ဖွဲ့က MNDAA တပ်ဖွဲ့ထံကနေ လွှဲယူခဲ့သလို အခုလ ၁၁ ရက်နေ့မှာလည်း တန့်ယန်းမြို့ကို ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

တိုက်ပွဲကာလတစ်လျှောက်မှာလည်း “ဝ”တပ်ဖွဲ့က မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ အနီးစပ်ဆုံးနေရာက ပါဝင်နေတာကို တွေ့ရတဲ့အတွက် အခုလားရှိုးဖြစ်စဥ်မှာလည်း မဟာမိတ်အချင်းချင်း ညှိနှိုင်းမှုတွေရှိထားပြီးသား ဖြစ်နိုင်တယ်လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပါတယ်။

“ထင်ကြေးကတော့ အမျိုးမျိုးပေးကြတာပဲ။ စကစနဲ့ လက်ဝါးရိုက်ထားတယ်လို့ ပြောတဲ့သူတွေရှိသလို စကစကိုချေမှုန်းဖို့ ကိုးကန့်နဲ့ စည်းဝါးရိုက်ပြီး ဝင်လာတယ်လို့ ထင်ကြေးတွေကတော့ အမျိုးမျိုးပေးထားတာရှိတယ်။ UWSA ဝင်လာတဲ့အပေါ်မှာ ကိုးကန့်တပ်ဖွဲ့ကရော ကျေနပ်ပါ့မလားဆိုတဲ့ မေးခွန်းကိုပြန်ကောက်ရင် ဟိုပန်ကိုကြည့်ရင် ကိုးကန့်ကဝင်တိုက်တာ။ ဒါပေမဲ့ UWSA ကိုပြန်ပြီး လွှဲပြောင်းပေးတဲ့ အစဥ်အလာလည်းရှိတယ်။ အဲဒါကို ထောက်ရှုမယ်ဆိုရင် ခုနမေးခွန်းအပေါ်မှာ ပြန်လည်သုံးသပ်လို့လည်း ရပါတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း လားရှိုးမြို့အတွင်း “ဝ”တပ်ဖွဲ့တွေ ဝင်ရောက်လာတာကို သိရှိထားကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

လားရှိုး အကျဥ်းထောင်အနီးမှာရှိတဲ့ ခလရ - ၆၈ တပ်ကို MNDAA တပ်ဖွဲ့က ဇူလိုင် ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာ လားရှိုးအကျဥ်းထောင် ပွင့်သွားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေကြောင့် အဲဒီအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အခြေအနေကို မိသားစုဝင်တွေ စိုးရိမ်နေကြပေမဲ့ အခုချိန်ထိ အဆက်အသွယ် မရကြသေးဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကို သိမ်းလိုက်ကြောင်း MNDAA ကြေညာ

လားရှိုးမြို့ကို UWSA “ဝ” တပ်ဖွဲ့ ဝင်ရောက်တပ်စွဲ

၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်

လားရှိုးမြို့အုပ်ချုပ်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း MNDAA ကြေညာ


အဲဒီအကျဥ်းထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ် နှစ်သုံးဆယ်ကျော် ချမှတ်ခံထားရဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်၊ လားရှိုးမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာအေးနိုင်အပါအဝင် နိုင်ငံရေးအကျဥ်းသား သုံးရာကျော်၊ အကျဥ်းသူတစ်ရာကျော် အကျဥ်းချခံထားရတယ်လို့ လားရှိုးအကျဥ်းထောင်ကနေ ပြီးခဲ့တဲ့ဇွန်လအတွင်း ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ NLD ဗဟိုအလုပ်အမှုဆောင်ကေ်မတီဝင် ဦးထွန်းထွန်းဟိန်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

လားရှိုးအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေနဲ့ အဆက်အသွယ်ရှိသူ နိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦးကလည်း လားရှိုးထောင်ပွင့်တာမှန်ပေမယ့် နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေကို စုံစမ်းနေတုန်းပဲလို့ RFA ကို ပြောပါတယ်။

“ထောင်ကတော့ ပွင့်သွားတာဟုတ်တယ်။ အကျဥ်းဝန်ထမ်းတွေကို မိုးလုံလေလုံ အားကစားကွင်းမှာ ခေါ်ထားပေးတယ်။ အကျဥ်းသူ အကျဥ်းသားအားလုံးကိုတော့ ထောင်ခါလိုက်သလိုမျိုး ထောင်က စည်းရိုးပွင့်သွားသလိုမျိုး နိုင်ငံရေးအကျဥ်းသားတွေကိုတော့ ဘယ်သူက ထိန်းသိမ်းထားမှန်း၊ ခေါ်ပေးထားမှန်း မသိဘူး။ ဘယ်အဖွဲ့က လုံခြုံတဲ့နေရာ ပို့ပေးမလဲ ဆိုတာမျိုးတော့ သတင်းမရဘူးပေါ့”

လားရှိုးအကျဥ်းထောင် ကိစ္စနဲ့ပတ်သက်လို့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

လားရှိုးမြို့နောက်ဆက်တွဲ အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

“မြို့အတွင်းမှာ လူဦးရေ တစ်သောင်းကျော် ကျန်နေပါသေးတယ်”

တစ်လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှာ မြို့ရဲ့ အဓိကကျတဲ့ နေရာတွေအားလုံးနီးပါးကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားများတဲ့ စစ်တိုင်းရုံးအနီးက တပ်ရင်းတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် လားရှိုးမြို့ခံ နှစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး အခု နောက်ဆုံးအခြေအနေတွေအရ မြို့အတွင်းမှာ လူဦးရေ တစ်သောင်းကျော် ကျန်နေသေးတယ်လို့ အရပ်သားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးထိမှန်တာ သေနတ်ပစ်ခတ်ခံရတာတွေကြောင့် အရပ်သားအနည်းဆုံး ငါးဆယ်ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရသူ တစ်ရာကျော်ရှိနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။