ရန်ကုန်မြို့ စစ်မှုထမ်းစာရင်းကောက်ယူမှု ပြည်သူတွေ စိုးရိမ်မှုမြင့်တက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီး သွားလာနေသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီး သွားလာနေသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်တိုင်းက မြို့နယ်အားလုံးမှာ မတ်လ ဒုတိယပတ်ကစလို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းရေးကိစ္စတွေကို စတင်လုပ်ဆောင်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ် (လ.ဝ.က) ရုံးရဲ့ စာရင်းတွေကိုကြည့်ပြီး မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကနေ လူငယ်တွေကိုစိစစ်ပြီး ရပ်ကွက်အလိုက် ဖောင်ဖြည့်ခိုင်းတာ၊ အိမ်ထောင်စုစာရင်းမှာပါတဲ့ အသက်ပြည့်လူငယ်တွေရဲ့ နေအိမ်တွေထိ လိုက်လံစာရင်းကောက်တာ၊ ရပ်ကွက်ရုံးကို ဆင့်ခေါ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ရပ်ကွက်အလိုက် သုံးဦးကနေ ဆယ်ဦးအထိ စာရင်းအတိအကျကောက်ပြီး ဆင့်ခေါ်တာတွေ တစ်တိုင်းလုံးမှာ စလုပ်နေပြီလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့နယ်အလိုက်ကို စာရင်းဇယားတွေပါလာပြီ။ မြို့နယ်ထွေအုပ်ကနေပြီးတော့ သူတို့သန်းခေါင်စာရင်းထဲမှာ လ၀ကနဲ့ ပူးပေါင်းပြီးတော့ ကြည့်ပြီးတော့ အဲဒီစာရင်းထဲမှာ အသက် ၂၄ နှစ်ကနေ ၃၀ ကြားဆိုပြီးတော့ ဒီလူတွေကိုပေါ့နော်။ ရပ်ကွက်သေးလို့ရှိရင် သုံးယောက်ကနေ ငါးယောက်၊ ရပ်ကွက်ကြီးလို့ရှိရင် ငါးယောက်ကနေ ဆယ်ယောက်။ ရန်ကုန်တိုင်းတစ်တိုင်းလုံံး စနေပြီပေါ့”

အခုခေါ်ယူမယ့်သူတွေကို စစ်သင်တန်းပြီးသွားရင် ရှေ့တန်းထွက်စရာမလိုဘဲ မိမိရဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာပဲ တာဝန်ထမ်းဆောင်ခိုင်းမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောဆိုစည်းရုံးနေတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ ဒေါပုံ၊ သာကေတ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ သန်လျင် စတဲ့မြို့နယ်တွေမှာ ရပ်ကွက်အလိုက် နေ့စဉ် စာရင်းကောက်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်တစ်ခုချင်းစီအလိုက် လုပ်ဆောင်ပုံချင်းမတူဘဲ တချို့မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေထံ လူငယ်တွေကိုဆင့်ခေါ်ပြီး စစ်မှုထမ်းစာရင်းမှာ ဖောင်ဖြည့်ခိုင်းတာမျိုးလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

တချို့မြို့နယ်တွေမှာတော့ ရှိပြီးသား လ.၀.က စာရင်းအတိုင်း ဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေရှိတဲ့ နေအိမ်တွေအထိ တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူနေပြီး လက်ရှိနေထိုင်တဲ့နေရာ၊ အိမ်ထောင်ရှိ၊ မရှိ၊ ကျောင်းသား၊ ဝန်ထမ်း စတဲ့ အလုပ်ကိုင်တွေကိုပါ စာရင်းကောက်နေတာလို့ ဆိုပါတယ်။

တချို့နေရာတွေမှာတော့ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်အနည်းအကျဉ်းပဲ ရှိနေတာကြောင့် လူလတ်ပိုင်းထဲကနေ မဲနှိုက်ရွေးချယ်ဖို့ ပြင်ဆင်နေတယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။

ရပ်ကွက်အတွင်း စာရင်းကောက်ယူရာမှာ ခင်ပွန်းအမည် ပါနေတာကြောင့် စိုးရိမ်သောက ရောက်နေရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကလေးမိခင်တစ်ဦးက ပြောပါတယ်။

“ညီမဆိုလည်း နို့တိုက်မိခင်ဆိုတော့ ကလေးတစ်ဖက်နဲ့ ကျန်ခဲ့ရမယ်။ ပြီးတော့ သူများလို အချမ်းသာကြီး မဟုတ်တော့ ကိုယ့်ယောက်ျားးပါသွားမှာဆိုတော့ စိုးရိမ်နေတာနဲ့ အဲဒီမဲနှိုက်မှာကြီးကိုလည်း ကြောက်တယ်။ မဲနှိုက်လို့ပေါက်သွားရင် တကယ်ကမ္ဘာပြိုမတတ်ပဲ ခံစားရမှာ။ ပိုက်ဆံမရှိတဲ့ ညီမတို့အခြေခံလူတန်းစားတွေကတော့ ပါသွားရုံပဲပေါ့”

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ မတ်လ ၁၂ ရက်နေ့ကတော့ ရန်ကုန်တိုင်းအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးအတွင်း စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ရပ်ကွက်နဲ့ ကျေးရွာအဆင့်တွေအထိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နဲ့ စာရင်းကောက်ယူရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး စာရင်းကောက်တဲ့နေရာမှာ တိတိကျကျဖြစ်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

"ဒီအောက်မှာတော့ ကျွန်တော်တို့က မနေနိုင်ဘူး၊ ဒီစစ်ဥပဒေအောက်မှာ သူတို့ရဲ့တာဝန် မထမ်းဆောင်ချင်ဘူး"

ဘယ်လိုနည်းနဲ့မှ စစ်မှုထမ်းမှာ မဟုတ်ဘူးလို့ စစ်မှုထမ်းစာရင်းထဲ ပါနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မရမ်းကုန်းမြို့နယ်က အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင် ဘာဖြစ်ဖြစ် သူတို့အောက်မှာတော့ ဘယ်တော့မှ စစ်မှုထမ်းမှာ မဟုတ်ဘူး။ ကျွန်တော့်မှာ လမ်းတစ်ခုတော့ အမြဲတမ်းရှာနေတာပဲ။ ဘယ်ကို သွားလို့ရမလဲ၊ ဘယ်ကို လွတ်မြောက်အောင်သွားမလဲ။ ဒီအောက်မှာတော့ ကျွန်တော်တို့က မနေနိုင်ဘူး၊ ဒီစစ်ဥပဒေအောက်မှာ သူတို့ရဲ့တာဝန် မထမ်းဆောင်ချင်ဘူး။ စစ်တပ်ကျေးဇူးဆိုတာ မူးလို့ ရှူစရာမရှိဘူးဆိုတော့လည်း ရအောင်ရုန်းထွက်မှာပဲ။ သူတို့လုပ်နေတဲ့ အုပ်ချုပ်နေတဲ့ အဓမ္မအောက်မှာတော့ ကျွန်တော်တို့ မနေနိုင်ဘူး။ အမှန်တရားဘက်ကပဲ ကျွန်တော်က အမြဲ ရပ်တည်မှာပါ”

သူကို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အုပ်ထိန်းသူနဲ့အတူ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားစာ ပေးပို့လာလို့ ရပ်ကွက်ရုံးကိုသွားတဲ့အခါ ဓာတ်ပုံအပါအဝင် ကိုယ်ရေးအကျဉ်းတွေကို ဖြည့်ပေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် လက်ရှိမှာ ယာယီရှောင်တိမ်းနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စကြောင့် ရန်ကုန်မြို့က လူငယ်၊ လူလတ်၊ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေကြား ပွက်လောရိုက်ပြီး အားလုံး စိုးရိမ်ပူပန်နေကြတယ်လို့ ရန်ကုန်မြို့ခံ မိဘတစ်ဦးက ပြောပါတယ်။

“ပွက်လောညံသွားတာပေါ့၊ ဘယ်လိုလုပ်ကြမလဲပေါ့၊ သားသမီးတွေအတွက် မိဘတွေကတော့ ရင်ပူတာပေါ့။ အခုလက်ရှိ သူတို့လုပ်ပုံကိုင်ပုံကတော့ စိုးရိမ်စရာ၊ ကလေးတွေရဲ့ စိတ်ထိခိုက်စေတဲ့အရာလေ။ လူကြီးတွေကတော့ ကိုယ့်သားသမီးတစ်ယောက် အဲဒီလိုပါသွားတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ဖန်တီးရမလဲဆိုတာ မိဘအတွေးအခေါ်နဲ့ တွေးရမှာပေါ့။ ဘယ်လိုဆုံးဖြတ်ချက် ချပေးနိုင်မလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ အဲဒီလိုပဲ သူ့မိဘ၊ ကိုယ့်မိဘ တိုင်ပင်ဆွေးနွေးကြတာတွေ ရှိနေကြတာပေါ့”

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရန်ကုန်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရန်ကုန်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)

ရန်ကုန်မြို့အပြင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာလည်း ပြည်သူ့ စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူအဖြစ် မြို့နယ်ထွေအုပ်ရုံးထံ လာရောက် စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေ ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်နေပြီး၊ ပညာရှင်အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ၊ ပညာရှင် အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေဟာ တိုင်းပြည်ဝရုန်းသုန်းကားဖြစ်မှုကို ဖော်ပြနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"စစ်တပ်မှာလိုအပ်နေတဲ့ လူအင်အားဖြည့်ဆည်းဖို့အတွက် အခုကတော့ တစ်ပြည်လုံး လုပ်နေကြတာပဲ။ အဲဒါကို ကျွန်တော်တို့ ပြစရာဥပဒေလည်းမရှိဘူး၊ တိုင်တောစရာနေရာလည်း မရှိဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့ဗျာ။ အခုလူငယ်တွေကတော့ တချို့က ပြည်ပထွက်တယ်၊ တချို့ကတော့ တောထဲပြေးတယ် စသဖြင့် အဲဒီလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အခြေအနေကြီးပါ။ တိုင်းပြည်ဝရုန်းသုန်းကားဖြစ်မှုရဲ့ ဖော်ပြချက်လို့ပဲ ပြောချင်ပါတယ်"

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လာမယ့် ဧပြီလကစပြီး တစ်ကြိမ်ကို လူငါးထောင်နှုန်းနဲ့ လစဉ် စုဆောင်းသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။