မတရာမြို့နယ်မှာ တစ်လအတွင်း ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံရ
2023.12.08
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ မိုင် ၂၀ ဝန်းကျင်သာ ဝေးကွာတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြားက တိုက်ပွဲတွေဟာ နိုဝင်ဘာလအတွင်းမှာ ပိုပြီး ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးအရှိန် ပြင်းထန်နေတာနဲ့အတူ စစ်ကောင်စီတပ်က PDF တွေ ရှိနိုင်တယ်လို့ ယူဆ တဲ့ ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့လည်း ပြောကြပါတယ်။ RFA က စုံစမ်းလို့ရတဲ့ သတင်းတွေအရ နိုဝင်ဘာလအတွင်းမှာပဲ ဒေသခံ ၁၇ ယောက် သတ်ဖြတ်ခံခဲ့ရပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလေးလုံး ကြဲခဲ့ရာမှာ ကျောက်ဆည်လေးရွာက သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁၆ ရက်နေ့က အောင်ကန်သာရွာမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့ပါတယ်။
"ပြည်သူကို အကြောက်တရားနဲ့ဖြစ်အောင်လို့ တွေ့တဲ့လူပစ်သတ်၊ ခြိမ်းခြောက် ဒီလိုပဲလုပ်နေတယ်လို့ ထင်တာပဲ"
အဲဒီနေ့ မနက်ပိုင်းက မတ္တရာနဲ့ စဉ့်ကူးမြို့နယ် အစပ်မှာ ရှိတဲ့ ပတ်လည်အင်းရွာ စစ်ကောင်စီတပ်စခန်းကို မတ္တရာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်မှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။
"အောင်ကန်သာမှာ လက်ဖက်ရည်ဆိုင်ထဲ ၁၁ ယောက် အသတ်ခံရတဲ့ကိစ္စပေါ့။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကောင်လေးကိုယ်တိုင်လည်း အသတ်ခံရသလို သူ့အမေလည်း ဗိုက်ရှပ်ထိတယ်။ သူ့ ညီလည်း ပေါင် မှန်တယ်ပေါ့နော်။ အဲဒါတွေက ကျွန်တော်တို့ တိုက်ပွဲဖြစ်စဉ်နဲ့ ဆက်စပ်ပြီးတော့ စစ်ကြောင်းထိုးလာတာကနေ ဖြစ်တယ်လို့ ပြောရမှာပေါ့။ စစ်ကူလာတဲ့သူက သတ်သွားတာ။ ဆက်စပ်တာကတော့ စစ်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖြစ်ကုန်ကြတာပဲ"
အဲဒီမှာ အသတ်ခံရသူတွေက အသက် ၃၀ နဲ့ ၅၀ ကြား လူလတ်ပိုင်းအရွယ်တွေ ဖြစ်ကြပြီး အဲဒီနေ့က ပွဲစားကုန်းရွာသားတစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ ကင်းရွာနဲ့ သရက်ကိုင်း ရွာသား ခြောက်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို အကြောက်တရားဖြစ်အောင် လုပ်ဆောင်နေတာလို့ ကင်းရွာသားတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ကင်းရွာသားက သုံးယောက်ပေါ့ဗျာ။ ပြည်သာယာ မြောက်ဘက်နေတဲ့ သရက်ကိုင်းသား ကလေးတွေက သုံးယောက်။ အဲဒီ ခြောက်ယောက်ကို တစ်ရက်တည်း ဖမ်းပြီး အသတ်ခံရတာပဲ။ သက်သက် ပြည်သူကို အကြောက်တရားနဲ့ ဖြစ်အောင်လို့ တွေ့တဲ့လူပစ်သတ်၊ ခြိမ်းခြောက် ဒီလိုပဲလုပ်နေတယ်လို့ ထင်တာပဲ"
ကင်းရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းငယ်တာ၊ အသက် ၄၀ ဝန်းကျင် ကိုသောင်းရင်နဲ့ ကိုဖိုးထော၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာသား အသက် ၁၈ နှစ်အရွယ် ကိုထွန်း၊ အသက် ၂၂ နှစ်အရွယ် ကိုပြုံး နဲ့ အသက် ၂၅ နှစ်အရွယ် ကိုမုန်းတို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။
အဲဒီရွာသား ခြောက်ယောက်ကို မြကန်သာရွာနဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းတွေကို သရက်ကိုင်းရွာ အရှေ့ဘက် ကွန်ကရစ် လမ်းပေါ်မှာ ဓားဒဏ်ရာတွေနဲ့အတူ တွေ့ရှိ ခဲ့တာလို့ ဆိုပါတယ်။
အိမ်ခြေ ရှစ်ရာကနေ တစ်ထောင်ကြားရှိတဲ့ ကင်းရွာကို ဧပြီလမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့လို့ အိမ်ခြေ နှစ်ရာ ဝန်းကျင် မီးလောင် ပျက်စီးခဲ့ပါသေးတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အဲဒီမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။ ဧပြီလက မီးရှို့ခံရတဲ့အချိန်ကစပြီး တစ်ရွာလုံးလိုလို ဘေးလွတ်ရာ ယာတောနဲ့ နီးစပ်ရာ ကျေးရွာတွေကို ရှောင်နေရတာ ရှစ်လခန့် ရှိနေပါပြီ။
ဒေသအခြေစိုက်ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေကို ပြောက်ကျားစနစ်နဲ့ ခုခံနေသလို စစ်ကောင်စီကလည်း မန္တလေးမြို့ကို ကာကွယ်တဲ့ အနေနဲ့ စစ်ရေးအရှိန် မြှင့်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။
"ကျွန်တော်တို့ဘက်ကတော့ ပြောက်ကျားစနစ်ကတော့ လှုပ်ရှားနေကြတာပေါ့နော်။ အခုကျတော့ စစ်ရေးအရှိန် မြှင့်လာတဲ့အခါကျတော့ စကစ (စစ်ကောင်စီ) က နည်းနည်းကာတဲ့သဘောပဲ ဖြစ်နိုင်တယ်နဲ့ တူတယ်။ ထိတွေ့ကတော့ နေ့စဉ်လိုလို ဖြစ်တယ်လို့တော့ ပြောတယ်ဗျ။ အရင်ကတော့ ကျွန်တော်တို့ နယ်မြေက သူ့ဟာနဲ့သူ တော့ ထိန်းချုပ်ထားသလိုပေါ့နော်။ ဒီကလည်း တော်လှန်ရေးစကတည်းက မိုင်းကွင်းတွေ ဘာတွေက အမြဲလိုလို ဆွဲနေတာတို့၊ စစ်ကောင်စီလမ်းကြောင်းရှိရင် တော့ မိုင်းကွင်းဆွဲကြတာပဲ အဲလိုမျိုး ဖြစ်နေတာလေ။ အခုနောက်ပိုင်းကျ မန်း PDF က ဆင်းလာတဲ့ အခါကျတော့ သူတို့ တိုက်ပွဲအထိအတွေ့ ဖြစ်ကြတယ်ပေါ့"
မတ္တရာအရှေ့ဘက်၊ မန္တလေး ပုသိမ်ကြီးမြို့နယ်အစပ်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက ကျောက်တံခါး၊ ငါးလုံးပြင် နဲ့ ကင်းရွာ စတဲ့ ပတ်ချာလည် တွေမှာ အထိုင်ချ တပ်ဆွဲထားပြီး အဲဒီကနေ စစ်ကြောင်းထိုးနေတယ်လို့ ပြောပါတယ်။
မတ္တရာမြို့နဲ့ ၇ မိုင်ခန့်အကွာအဝေးက ကျေးရွာတွေဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသလို မတ္တရာမြောက်ဘက်နဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် ကျေးရွာတွေဘက် လည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။
စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ရွာတွေထဲမှာ အမြဲတမ်းလိုလို ရှောင်နေရတဲ့ ရွာတွေရှိသလို ယာယီရှောင်တိမ်းရတဲ့ ရွာတွေလည်း ရှိနေပါတယ်။
အထူးသဖြင့် မတ္တရာမြို့နယ်ရဲ့ အရှေ့ခြမ်းရွာတွေ ဖြစ်တဲ့ ကျောက်တံခါးရွာ၊ လက်ဝဲကြီးရွာ၊ လမိုင်းရွာ၊ မကျီးကုန်းရွာ၊ တောင်ကန်ရွာ၊ ရွာသာယာရွာ၊ မြောင်းဦးရွာ၊ စခန်းသာရွာ၊ သဖန်းကိုင်းရွာ၊ မြောင်းသစ်ရွာ၊ ကြပ်ပြင်ရွာ၊ ကင်းရွာ၊ အောင်ချမ်းသာရွာ၊ ကျောက်ဆည်လေးရွာနဲ့ ကျွန်းပင်ရွာ စတဲ့ ရွာပေါင်း ၁၅ ရွာထက်မနည်းဟာ လက်ရှိအချိန်မှာ ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ပြောပါတယ်။
အဲဒီမြို့နယ်ရဲ့ အနောက်ခြမ်းရွာတွေလည်း မကြာခဏ ရှောင်နေရပြီး မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေကို ဧရာဝတီမြစ်ထဲကနေ စစ်ကောင်စီသင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြေပုံကန်ရွာ၊ ကောက်ရိုးပုံရွာ နဲ့ စိန်ပန်းကုန်း စတဲ့ ရွာက ဒေသခံတွေလည်း ရွာထဲမနေရဲတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက လမ်းတွေကို ပိတ်ဆို့ အထိုင်ချထားတာကြောင့် ဒေသခံတွေ ဈေးဝယ်ထွက်ဖို့ ခက်ခဲနေသလို စားနပ်ရိက္ခာပြတ်လပ်နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် မူရင်းအသံကို ပြောင်းထားပါတယ်။
"မတ္တရာမြို့နယ်မှာ အရှေ့ခြမ်း၊ အနောက်ခြမ်း နှစ်ပိုင်းရှိတယ်။ စစ်ရှောင်ပြည်သူက တော့ အရှေ့ခြမ်းက အခု ပိုများတာပေါ့။ ရွာပေါင်း ၁၀ ရွာကျော်တယ်။ အဲမှာ အရှေ့ခြမ်း တစ်ခုတည်းတင် စစ်ဘေးရှောင် ပြည်သူ အခု နိုဝင်ဘာ ၁၀ ရက်နေ့က စပြီး စစ်ဘေးရှောင်လိုက်ကြတာ စစ်ကြောင်းထိုးတာနဲ့ အညီလေ အခု ၂၆ ရက်နေ့အထိ သုံးထောင်နီးပါးလောက် ရှိသွားပြီ။ အဓိကတော့ စားရေးသောက်ရေးပေါ့နော်။ အရင် သူတို့ သိုလှောင်ထားတဲ့ ဟာနဲ့ ရှိထားတဲ့ ဟာလောက်ပဲ သူတို့တွေမှာရှိတာ။ အခုရက် က ကြာလာပြီလေ။ သူတို့ရဲ့ သိုလှောင်ထားတဲ့ ရိက္ခာက မရှိတော့ဘူး။ အဲတော့ မျှတ ပြီး သူတို့ စားနေကြရတယ်"
ပြီးခဲ့တဲ့လတွေမှာ စစ်ကောင်စီက နှစ်ရက်၊ သုံးရက်ခန့် စစ်ကြောင်းထိုးပြီး ပြန်ထွက် သွားပေမယ့် အခုတော့ အထိုင်ချနေတာကြောင့် လူထောင်နဲ့ချီ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ၂၇ ရက်နေ့က တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းကုန်းတစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် လေ့လာရေးအင်စတီကျု (ISP - Myanmar) ရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ကနေ နိုဝင်ဘာလ ၂၂ နေ့ အထိ နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခု ထက်မနည်း (မြို့နယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်း) မှာ လက်နက်ကိုင် တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။