မန္တလေးမှာ နိုင်ငံကူးလက်မှတ် ရဖို့တန်းစီရင်း လူအုပ်ပိပြီး နှစ်ဦးသေဆုံး
2024.02.18

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် ၁၂ လမ်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ လူအများအပြား တိုးဝှေ့တန်းစီရင်း ဖေဖော်ဝါရီလ ၁၉ ရက်မနက် နှစ်နာရီဝန်းကျင်မှာ လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦး အသက်ရှုကြပ်သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ခဲ့သူတွေကပြောပါတယ်။
အောင်မြေသာစံမြို့နယ်က အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ သေဆုံးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းလည်း ခြေထောက်မှာဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေး ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ပြောပါတယ်။
ပတ်စပိုစ့်စာအုပ်ရဖို့ တန်းစီရတာမှာ နေရာလုကြရင်း လူအုပ်ပိပြီး ထိခိုက်သေဆုံးမှုဖြစ်ခဲ့တာလို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“အခုမနက်တင် ဖြစ်ပွားတာ။ ဒဏ်ရာရတာက အမျိုးသမီး သုံးယောက်။ နှစ်ယောက် သေသွားတယ်။ တန်းစီတိုးတာလေ ပတ်စပို့စ် တန်းစီရတာကိုး။ နေရာတွေ အဲဒီလို လုရင်း လုရင်းနဲ့ ဖြစ်ကြတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နေရာလုကြတာပေါ့။ မနက် နှစ်နာရီခွဲကျော်လောက်က လူက ခါတိုင်းလိုဆို ထောင်ချီရှိမှာပေါ့။ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ပို့ထားတယ်ခင်ဗျ”
ရန်ကုန်တစ်ခုတည်း နိုင်ငံကူးလက်မှတ် စာအုပ်ရဖို့ အွန်လိုင်းစနစ်နဲ့ စာရင်းပေးလို့ရတာဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးတွေကို လူကိုယ်တိုင် သွားရောက်စာရင်းပေးရတာပါ။
မန္တလေးက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးဟာ မနက် ရှစ်နာရီဝန်းကျင်မှာဖွင့်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ရက်ကို လူနှစ်ရာပဲ အကန့်အသတ်နဲ့ ထုတ်ပေးတာကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ည ၁၂ နာရီဝန်းကျင်ကတည်းက ညအိပ် တန်းစီကြတဲ့သူဟာ နေ့စဉ် ထောင်နဲ့ချီပြီး ရှိနေတယ်လို့ ပတ်စပိုစ့်လျှောက်ထားဖို့ ကြိုးပမ်းနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီတန်းမယ့်သူတွေက ည ၁၂ နာရီလောက်ကတည်းက တန်းစီရတယ်ပေါ့နော်။ အဲဒီ စတန်းတဲ့နေရာကနေပြီးတော့မှ မန္တလေးအခေါ်ဆို တစ်ပြခွဲလောက်ရှိတဲ့ သံဆူးကြိုးတွေ ကာထားတဲ့နေရာ (Passport ရုံးရှေ့) အထိကို ပြေးရတယ်။ အဲဒီ ၁၂ နာရီလောက်က တန်းပြီးတော့ ပြေးရတဲ့အချိန်က ပုံမှန်တော့ မရှိဘူး။ သူတို့ ပုံမှန် သတ်မှတ်ထားတာတော့ မနက် သုံးနာရီခွဲ လေးနာရီပေါ့။ အဲဒီလောက်ကို ပြေးရတယ်ရှင့်”
နိုင်ငံကူးလက်မှတ်ရဖို့ တန်းစီတွေဟာ ပတ်စပိုစ့်ရုံးရှေ့ သတ်မှတ်နေရာကို မနက် လေးနာရီဝန်းကျင်မှ တန်းစီခွင့်ရတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ သတ်မှတ်နေရာမှာ တန်းစီခွင့် မပေးထားတာကြောင့် ည ၁၂ နာရီကတည်းက ရောက်နေသူတွေဟာ တန်းစီခွင့်ပေးတဲ့အချိန်မှာ နေရာရဖို့ အစုလိုက် အပြုံလိုက် တိုးဝှေ့ကြရင်း အခုလို သေဆုံးထိခိုက်မှုတွေ ဖြစ်လာတာလို့ဆိုပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်မှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပါတယ်။
ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေဟာ စစ်မှုထမ်းရမှာပါ။
မန္တလေးမြို့မှာတော့ စစ်မှုမထမ်းလိုတာကြောင့် ပြည်ပထွက်ဖို့ ကြိုးစားသူတွေ များလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ ဒီရက်ပိုင်း ဖြစ်နေတာကတော့ နိုင်ငံခြားထွက်တဲ့ ပြဿနာတွေပေါ့။ တချို့ မိဘတွေဆိုရင် အခုနား ပတ်ဝန်းကျင်ကဆိုရင် သူတို့ ပိုက်ဆံအရမ်းချမ်းသာတယ်။ ဒါပေမဲ့ ကလေးတွေက အိမ်ထဲက အိမ်ပြင် မထွက်ရဲတော့ဘူး။ အဲဒီလမ်းကူးတာတွေ ဘာတွေတောင် ကြောက်နေတယ်။ အနေအထားက ဘယ်မိဘကမှ ဘယ်သားသမီးကမှ ဒီကိစ္စကြီးကို မလုပ်ချင်ကြဘူး။ အဲဒီပြဿနာကြောင့် ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားထွက်ဖို့ကို အားချင်း လုပ်နေကြတယ်”
ဒါနဲ့ပတ်သက်လို့ မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးနဲ့ မန္တလေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီအပြင် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်ကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဆက်သွယ်မယ်လို့သာ ဖြေကြားပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်အရ စစ်မှုထမ်းဖို့ ပထမဆုံးဆင့်ခေါ်တဲ့ လုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလကုန်မှာ စတင်မှာပါ။
၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူ အနည်းဆုံး ၁၃ သန်းရှိပြီး တစ်နှစ်ကို လူဦးရေ ငါးသောင်းဝန်းကျင် ခေါ်ယူသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။