စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာ
2024.11.13

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်ကပြန်လာပြီးတဲ့နောက်မှာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့/ရွာတွေကို လေကြောင်းကနေဗုံးကြဲတာတွေ ပိုပြီးတွေ့လာရပါတယ်။
သူက နိုဝင်ဘာလ ၁၀ ရက်နေ့မှာပြန်ရောက်တာပါ။ နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၂၀ လောက် သေဆုံးခဲ့ရပြီး ၁၄ ယောက် ဒဏ်ရာရသွားပါတယ်။ နိုဝင်ဘာ ၁၃ ရက်ညနေပိုင်းမှာလည်း နောင်ချိုမြို့နယ် တရားရုံးနဲ့ ရဲစခန်းနားကို ဗုံးကြဲတိုက်ခိုက်လို့ တရားရုံးနဲ့ အိမ် သုံးလုံးလောက်ပျက်စီးပြီး အချုပ်သား တစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလုပ်ရပ်တွေဟာ တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်အောင်လုပ်နေတာလို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော် ကသုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်။ တရုတ်အကျိုးစီးပွား မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားတွေ ပျက်အောင်လုပ်နေတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့အကျိုးစီးပွား တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေ ထိခိုက်အောင်လုပ်နေတယ်လို့ သုံးသပ်မိပါတယ်”
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြရင် ဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ ကူမင်းမြို့မှာတွေ့တဲ့အချိန်က ပြောခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
နယ်စပ်ကုန်သွယ်ရေးကို အစိုးရတွေအောက်မှာရှိရမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော
နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး
မိုးကုတ် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ကိုးဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
စစ်ခေါင်းဆောင်ပြောတဲ့ငြိမ်းချမ်းရေးဟာ လက်နက်ချခိုင်းတာဖြစ်သလို၊ အခုလုပ်ရပ်တွေကလည်း တရုတ်ကို အာခံပြတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က RFA ကိုပြောပါ တယ်။
“ကြည့်ရတာ မင်းအောင်လှိုင်က တရုတ်ကို အာခံပြလိုက်တာ။ တရုတ်နိုင်ငံခြားရေးဌာနက ပြောတဲ့ သဘောထားကတော့ ဗမာပြည်မှာ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ရေး ပြောလိုက်တာကော။ သူ မကျေနပ်ဘူးထင်တယ်။ အဲဒါကြောင့် သူဗုံးကြဲပြီး ပြလိုက်တာ”
ဒီလိုထောက်ပြဝေဖန်တာတွေနဲ့ပတ်သက်လို့ တုန့်ပြန်ချက်ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဟာ တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ပြောတာရှိသလို တစ်ဖက်မှာလဲ အကြမ်းဖက် တိုက်ခိုက်နေတာက တောက်လျှောက်လုပ်လာတဲ့နည်းပရိယာယ်ဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ပဋိပက္ခ ရေးရာ လေ့လာနေတဲ့ လူငယ်အမျိုးသမီး နန်းခွမ်လိတ်က RFA ကို ပြောပါတယ်။
“တစ်ဖက်မှာ ဓားနဲ့ ချိန်ထားတယ်။ တစ်ဖက်မှာကျတော့ လက်ဆွဲနှုတ်ဆက်ဖို့အတွက် ကမ်းလှမ်းတယ်ဆိုတဲ့ဟာက အသစ်အဆန်းကြီးလဲ မဟုတ်ဘူးဆိုတော့လေ အမြဲတမ်းသုံးနေတဲ့ ဗျူဟာဖြစ် တယ်။ ဆိုတော့ သူ့ရဲ့ ဆန္ဒကလည်း ထူးထူးကဲကဲကြီး တကယ်တမ်းပဲ သူ့အနေနဲ့ဆန္ဒရှိတယ် ဆွေးနွေးဖို့ ဆိုတဲ့ဟာကိုလည်း သူ့အနေနဲ့ ပြောင်းလဲလာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ရပ်တွေမရှိဘူး။ ဒီပြဇာတ်ဟောင်းကြီးပဲပေါ့နော်။ ဓာတ်ပြား ဟောင်းကြီးပဲ ထပ်ခါထပ်ခါ ကစားနေသလိုမျိုး ပုံစံဖြစ်တယ်”
စစ်ကောင်စီဟာ မြေပြင်ကနေ ရင်ဆိုင်တိုက်ပွဲမနွှဲနိုင်တဲ့အတွက် လေကြောင်းအားကိုးနေတာလို့ CDM ဗိုလ်ကြီးဇင်ယော် က RFA ကိုပြောပါတယ်။
“ရှမ်းမြောက်ဆိုတာလည်း တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့နေရာ တရုတ်နယ်စပ် ကုန်သွယ်ခွင့်နေရာတွေ ဖြစ်တဲ့အတွက် သူ့အနေနဲ့ မရရတာ ပြန်လိုချင်တဲ့သဘောမျိုးလို့ ပြောလို့ရတယ်။ သို့ပေမဲ့ မြေပြင် ထိုးစစ်အတွက် သူတို့ စုပုံနေတုန်းပဲရှိသေးတယ်။ လေကြောင်းကနေ ပဏမ ဗုံးကြဲပြီးတော့တိုက်ခိုက်တယ်။ စစ်ကောင်စီက မြေပြင်ထိုးစစ် မစသေးနိုင်မချင်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက် မှုတော့ ရှိနေဦးမှာပဲ”
စစ်ခေါင်းဆောင်ဟာ တရုတ်ပြည်ခရီးစဉ်အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခ တပ်တော် (AA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရထားတဲ့ ဟိုင်ဂင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းက စစ်ကောင်စီရဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးကြောင်း ပြောခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာမှာ ဖော်ပြပါတယ်။