ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို Sim Card တွေ မရောင်းဖို့နဲ့ စခန်းတွေအတွင်း မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်လိုက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်သွယ်ရေးကုမ္ပဏီတွေကို မနေ့ကညွန်ကြားလိုက်ပါတယ်။
Sim Card တွေမရောင်းဖို့နဲ့ စခန်းတွေအတွင်း မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်ပစ်ဖို့ ဆောင်ရွက်တာဟာ လုံခြုံရေးအရဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြောင်းပြချက်ပေးထားကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ ဒီစခန်းတွေမှာ သူတို့ကုမ္ပဏီတွေရဲ့ မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်လိုက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အစိုးရထံ ၇ ရက်အတွင်း အစီရင်ခံရမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှ တယ်လီဖုန်းဆက်သွယ်ရေးအာဏာပိုင် ကော်မရှင်အရာရှိကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
RFA က ဒီနေ့ ကော့ဇ်ဘဇားခရိုင်အတွင်းက ကုတုပါလောင်နဲ့ သင်္ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာတော့ အဆက်အသွယ်ရရှိနေဆဲ ဖြစ်ပါတယ်။ အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေ ပိတ်မယ်ဆိုတဲ့ သတင်းတွေ သူတို့အနေနဲ့ ရထားပြီးဖြစ်ပြီး မကြာခင် ပိတ်သွားမယ် အခြေအနေရှိတယ်လို့ ပြောကြပါတယ်။
သင်္ခါလီဒုက္ခသည်စခန်းအတွင်းနေထိုင်သူ တစ်ဦးက အင်တာနက်အသုံးပြုခွင့်နဲ့ မိုဘိုင်းဖုန်းလိုင်းတွေ မရရှိတော့မှာကို စိုးရိမ်နေကြောင်း အခုလို ပြောပါတယ်။
“ကျနော်တို့အတွက် ဆုံးရှုံးသွားမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ကိုယ့်လူမျိုးကောင်းစားရေးအတွက်ပဲ ကျနော်တို့ လုပ်နေတာ။ ဘာတစ်ခုမှ နိုင်ငံရေးအရ လုပ်တာမဟုတ်ဘူး။ တကယ်လို့ လူတစ်စုက လုပ်ခဲ့တယ်ရှိသော်လည်း အဲဒါကို အရေးယူဖော်ထုတ်ဖို့လိုတယ်။ လူတစ်စုကြောင့် ဒီလိုလုပ်လို့မရဘူး။ ဒါဟာလည်း လူ့အခွင့်အရေး ချိုးဖောက်ရာ တစ်ခုလို့ ကျနော်ပြောချင်တယ်။”
ဘင်္ဂလားဒေ့ရှ်ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Ikbal Hossain ကဒုက္ခသည်တွေဟာ မြန်မာဘက်ကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးရောင်းဝယ်ဖောက်ကားမှုတွေမှာ ဘင်္ဂလားဒေ့ရှ် ဖုန်းလိုင်းတွေကို အသုံးပြုခဲ့တာတွေ ရှိတယ်လို့ AFP သတင်းဌာနကို ပြောထားပါတယ်။
အခုလို မိုဘိုင်းဖုန်းအသုံးပြုတဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် အကျိုးရလဒ်ကောင်းတွေဖြစ် လာပြီး ရာဇဝတ်မှုဆိုင်ရာလှုပ်ရှားမှုတွေလည်း အရှိန်လျော့သွားမယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိ Ikbal Hossain ကပြောဆိုကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်ကနေ ဒုက္ခသည်တွေ ရောက်လာချိန်ကစပြီး မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူသတ်မှု၊ ဓားပြမှု၊ ဂိုဏ်းဖွဲ့ လှုပ်ရှား တိုက်ခိုက်မှု စတဲ့ အမှုအခင်းတွေ ၆၀၀ လောက်အထိ ဖြစ်ခဲ့တယ်လိုလည်း ဆိုပါတယ်။
မိုဘိုင်းဖုန်းလိုင်းတွေ ပိတ်လိုက်မယ်ဆိုရင် စခန်းတစ်ခုစီကို ရောက်နေကြတဲ့ မိသားစုဝင်တွေ တစ်ဦးနဲ့ တစ်ဦး အဆက်အသွယ်မရဘဲ အခက်အခဲရှိမယ်လို့ ကုတုပါလောင်ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒုက္ခသည်စခန်းတွေမှာ တယောက်တနေရာစီ ရောက်သွားတာရှိပါတယ်လေ။ မိသားစုရှိရင်လည်း တစ်ဖွဲ့က တစ်စခန်းမှာ တစ်ဖွဲ့က တစ်စခန်းမှာ အဲလိုမျိုးရှိပါတယ်လေ။ အဲလိုမျိုး ရှိတဲ့အခါကျတော့ အဆက်အသွယ်လုပ်လို့ မရဘူးဆိုရင် ကျနော်တို့မှာ အခက်အခဲရှိနိုင်မယ်။”
ဖုန်းလိုင်းဝန်ဆောင်မှုတွေ ဖြတ်တောက်ဖို့ဆောင်ရွက်နေတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ညွန်ကြားချက်ဖြစ် တာကြောင့် ဒုက္ခသည်တွေဟာ သူတို့ရဲ့ အမည်ကို ထုတ်ဖော်ပြောလိုခြင်းမရှိကြပါဘူး။
စခန်းအတွင်းနေထိုင်ကြသူတွေဟာ မိုဘိုင်းဖုန်းကို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့၊ သတင်းအချက်အလက်သိရှိဖို့နဲ့ ဖလှယ်ဖို့၊ ငွေပေးငွေလွှဲကိစ္စတွေအတွက် သုံးကြတာတွေရှိတယ်လို့ ပြောပါတယ်။
ရာဇဝတ်မှုကျူးလွန်သူတချို့ကြောင့် အားလုံးရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုးတွေမဖြစ်သင့်ဘူးလို့ ကိုဖီအာနန် ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအေးလွင်က ပြောပါတယ်။
“လူတစ်စုတချို့ရဲ့ ရာဇဝတ်မှုကျူးလွန်မှုကြောင့် ကျန်တဲ့လူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ Camp တွေထဲမှာ ရာဇဝတ်မှုတွေဖြစ်နေတယ် မသမာသူတွေကလည်း မြှောက်ထိုးပင့်ကော်တွေလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့လည်း ကြားနေရပါတယ်။ အဲလိုကိစ္စရပ်များ ကို တရားဥပဒေစိုးမိုးရေး အတိုင်းအတာနဲ့ လုပ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒုက္ခသည်တွေဆိုတာ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ဆိုတာ ဒီဖုန်းလေးပဲ ရှိတာ။ ဥပမာ ကျန်းမာရေးကိစ္စကြောင့် ဆက်သွယ်ဖို့ ကိစ္စ၊ တခြားအရေးပေါ်အတွက်ဆိုရင် ဒီဖုန်းပဲ အားကိုးနေရတာလေ။ ကျနော် ကော့ဇ်ဘဇားကိုရောက်ဖူးတယ်။ မြို့ပြနဲ့လည်း ဝေးတယ်။ ဒါမျိုးလုပ်တာတော့ ကျနော်စိတ်မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မွတ်စလင် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်ဦးရေ ၇ သိန်းကျော်ကနေ တစ်သန်းနီးပါးအထိ ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားနေကြပါတယ်။
အခုလို မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေ အသုံးပြုခွင့်ပိတ်ဖို့ ဘင်္ဂလားဒေရှ်အစိုးရရဲ့ ညွန်ကြားလာချိန်ဟာ ဒုက္ခသည်တွေ နေရပ်စွန့်ခွါပြီး ဘင်္ဂလားဒေ့ရှ်ကိုရောက်တာ ၂ နှစ်ပြည့်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
( RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)