မြဝတီက ငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းနှိမ်နင်းတော့မလား

RFA Burmese
2024.04.30
မြဝတီက ငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းနှိမ်နင်းတော့မလား စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်တို့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့စဉ်။
Xinhua

[Update: 3: 25 PM, May 1, 2024]

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ပူးပေါင်းနှိမ်နင်းမယ့်ကိစ္စ ဆွေးနွေးခဲ့ကြောင်း ခရီးစဉ်ကာလအတွင်း ထုတ်ပြန်တဲ့ တရုတ်နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးရဲ့ သတင်းစာတွေက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ဟာ ဧပြီလ ၂၄ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံကို ခြောက်ရက်ကြာ သွားရောက်လည်ပတ်ပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန် အပါအဝင် တိဗက်ဒေသ ထိပ်တန်းရဲအရာရှိကြီးတွေ၊ ကွမ်တုံးပြည်နယ် ထိပ်တန်းရဲအရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီတွေ့ဆုံမှုတွေအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ပူးပေါင်းတိုက်ဖျက်ရေးနဲ့ နယ်စပ်နေ ပြည်သူတွေ ဘေးကင်းလုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဧပြီလ ၂၅ ရက်နဲ့ ၃၀ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေက ဖော်ပြပါတယ်။

“စစ်ကောင်စီအနေနဲ့ကတော့ သူ သာဖို့ဆို ဘယ်သူ့ကိုမဆို ထိုးကျွေးနိုင်တဲ့ အနေအထား ရှိပါတယ်"

ဧပြီ ၂၅ ရက် ဆင်ဟွာသတင်းမှာတော့ ဝမ်ရှောင်ဟုန်နဲ့ တွေ့ဆုံချိန်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အွန်လိုင်းလိမ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရာမှာ ထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်းနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းအပြီးမှာ ထိန်းမနိုင်သိမ်းမရ ကြီးထွားနေတဲ့ မြဝတီခရိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းနှိမ်နင်းတော့ မယ့်သဘောလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

မြ၀တီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးကိစ္စ တရုတ်အစိုးရက စစ်ကောင်စီကို ဖိအားပေးနိုင်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလို မလွယ်ကူနိုင်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။

“တရုတ်အနေနဲ့ အဲဒီမြ၀တီဘက်ကတော့ သူ့အနေနဲ့ သိပ်ပြီးတော့ ခြေနိုင်လက်နိုင် လုပ်နိုင်မယ်မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီက ထိုင်းက ပိုအရေးကြီးတယ်လေ။ ထိုင်းနဲ့ပဲ ရှင်းရလိမ့်မယ်ထင်တယ်။ တရုတ်က မြန်မာပြည်ဘက်တော့ ဖိအားပေးချင် ပေးမှာပေါ့။ မြောက်ပိုင်းအဖွဲ့လောက်တော့ အောင်မြင်နိုင်မယ် မထင်ဘူး။ ထိုင်းကပဲ ဝင်ပြီးတော့ လုပ်လိမ့်မယ်ထင်တယ် ဒီကိစ္စက”

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ တရုတ်အစိုးရနဲ့ နီးကပ်လွန်းတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်ကြီးစိုးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ကိစ္စ အထမြောက်အောင်မြင်ခဲ့ပေမယ့် မြဝတီက ကရင် လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ရဲ့ ဩဇာသက်ရောက်မှုကတော့ သိပ်မကြီးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြတာပါ။

နိုင်ငံရေး၊ စီးပွားရေး ရှုပ်ထွေးတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်မှာ (KNA) တစ်ဖြစ်လဲ နယ်ခြားစောင့်တပ် (BGF) ဦးစီးတဲ့ နာမည်ကျော် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ KK Park စီမံကိန်းတွေ တည်ရှိပါတယ်။ အဲဒီနေရာတွေမှာရော မြဝတီမြို့ပေါ်မှာပါ အွန်လောင်းငွေလိမ်ဂိုဏ်းနဲ့ ကာစီနို လောင်းကစားဝိုင်းတွေ ကြီးထွားနေတာပါ။

လက်ရှိ မြဝတီမှာ စစ်ကောင်စီနဲ့ KNU အကြား စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး နှစ်ဖက်အကြားမှာ (KNA) တစ်ဖြစ်လဲ (BGF) ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတယ်လို့ ဝါရင့် ကရင်နိုင်ငံရေးသမားတွေက ပြောပါတယ်။ KNU/ PDF တပ်တွေ ရက်ပေါင်းအတော်ကြာ လွှမ်းမိုးခဲ့တဲ့ မြဝတီမြို့ကို စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်ပြီး အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး တံတားတွေ၊ ဂိတ်တွေ ပြန်ဖွင့်နိုင်ခဲ့တာဟာ (KNA) /BGF ရဲ့ ကူညီမှု အများကြီး ပါဝင်ပတ်သက်နေတယ်လို့ သူတို့က ဆိုပါတယ်။

လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

ဒီအခြေအနေတွေကြောင့် တရုတ်က ဖိအားပေးရင်တောင် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကို ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်ကရင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ဟာ သူ့အတွက် နိုင်ငံရေး၊ စစ်ရေး အကျိုးအမြတ်ရဖို့ဆိုရင် ဘယ်သူ့ကိုမဆို ထိုးကျွေးလိမ့်မယ်လို့ သူက ဆိုပါတယ်။

“မြန်မာစစ်တပ်ဘက်ကတော့ စစ်ဆင်ရေးလုပ်လာနိုင်တဲ့ အနေအထားရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ကတော့ သူ သာဖို့ဆို ဘယ်သူ့ကိုမဆို ထိုးကျွေးနိုင်တဲ့ အနေအထား ရှိပါတယ်။ သို့သော် KNA လို့ ခေါ်တဲ့ BGF ကိုတော့ မြောက်ပိုင်းမှာလို သူအလွယ်တကူ ထိုးကျွေးလို့ ရနိုင်မယ့်အနေအထားမျိုး မရှိသလို စစ်ဆင်ရေးလုပ်ခဲ့မယ်ဆိုရင်လည်း မြ၀တီဖြစ်စဉ်မှာ သူ့ဘက်က အများကြီးပေးဆပ်ခဲ့ရတာတွေရှိတဲ့ အတွက်ကြောင့် နောက်တစ်ကြိမ်လည်း သူ ပေးဆပ်မှု အများကြီးလုပ်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုရင် တရုတ်ထက် ထိုင်းအစိုးရရဲ့ ဖိအားက ပိုအရေးပါတယ်လို့ သူက ပြောပါတယ်။

ထိုင်းဘက်က ဖိအားပေးဖို့ဆိုရင် စစ်ကောင်စီနဲ့ ထိုင်းအစိုးရကြား လက်ရှိဆက်ဆံရေးနဲ့ များပြားလှတဲ့ မြဝတီ အခြေစိုက် ကရင်လက်နက်ကိုင်တွေအပေါ် ထိုင်း အစိုးရရဲ့ ဩဇာသက်ရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာတွေက အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီဟာ နယ်စပ်အင်အားစု တစ်စုဖြစ်တဲ့ KNA နဲ့ တရုတ်နိုင်ငံရဲ့ဖိအားကြား ထိန်းညှိပြီး မြ၀တီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ပြောရမယ်ဆိုရင် သူတို့ (KNA) က အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စတွေကို ဆိုးဆိုးရွားရွား ကျူးလွန်နေတယ် ဆိုရင်တောင် နောက်မကျူးလွန်နဲ့ ငါတို့နဲ့ တရုတ်နဲ့ စကားပြောထားတယ်ဆိုတာမျိုး လုပ်ပြီးတော့ ဒီအတိုင်းပဲ ဆက်ခွင့်ပြုရမှာပဲ။ အဲတော့ သဘောကတော့ မြွေမသေ၊ တုတ်မကျိုး ဆက်ဆံရမှာပေါ့။ အဲဒီပုံစံအတိုင်းပဲ သွားမယ်လို့ ထင်ပါတယ်။ အဲဒီပုံစံအတိုင်းပဲ သွားသင့်တယ်။ တကယ်လည်း လုပ်လို့မရဘူး။ တရုတ်နဲ့လည်း အဝေးကြီးပေါ့နော်။ ဒီလိုအနေအထား ရှိပါတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ (KNA) /BGF ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူကို ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကို ဆက်သွယ်မေးမြန်းတဲ့အခါ မြ၀တီမြို့က ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  RFA ကို ပြောပါတယ်။

“ဒီလိုမျိုးဆောင်ရွက်လာမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ ကူညီလို့ရတဲ့အရာတွေ မှန်သမျှကို ကျွန်တော်တို့ ကူညီပါ့မယ်၊ ပါဝင်ပါ့မယ်ဆိုတာ ကျွန်တော်တို့ ပြောထားပြီးသားဖြစ်တယ်။ ဒီတရုတ်နိုင်ငံနဲ့လည်း ကျွန်တော်တို့ လိုအပ်မယ်ဆိုရင်၊ သူတို့ဘက်က လိုလားတယ်ဆိုရင် ကျွန်တော်တို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်"

KNU ထိန်းချုပ်နယ်မြေအတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုံး၀ လက်မခံသလို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားတယ်လို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ဆက်စပ်နေသည့် ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံတာဝန်ရှိသူများထံ MNDAA တပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးနေစဥ်။ (Photo: The KoKang)
အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ဆက်စပ်နေသည့် ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံတာဝန်ရှိသူများထံ MNDAA တပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးနေစဥ်။ (Photo: The KoKang)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြ၀တီက နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို တရုတ် အစိုးရက လျှော့တွက်ထားတာကြောင့် မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေးက မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“မြေပြင်အခြေအနေနဲ့ ဖြစ်ပေါ်တိုးပွားမှုတွေကို တရုတ်က ကောင်းစွာ နားမလည်ဘူး။ ဒါမှမဟုတ်ရင် လျှော့တွက်တာလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ ဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေက အောင်မြင်မှာလည်း မဟုတ်ဘူး။ အကောင်အထည်ပေါ်မှာလည်း မဟုတ်ဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်”

မြ၀တီမြို့ အွန်လိမ်ငွေလိမ်ဂိုဏ်းတွေကရရှိတဲ့ အကျိုးစီးပွားတွေဟာ စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆယ်စုနှစ်နဲ့ချီပြီး ပတ်သက်ဆက်နွှယ်နေတာကြောင့် ချက်ချင်းဖြတ်တောက်ဖို့ မလွယ်ဘူးလို့လည်း ဦးသန်းစိုးနိုင် က ပြောပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၄ မတ်လ ၅ ရက်နေ့ထိ ငါးလအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ နယ်စပ်ဒေသက တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို တရုတ် အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း မတ်လဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။ ဒီနောက်ပိုင်း ဖမ်းဆီးမှုတွေ ကြိုးကြားကြိုးကြား ရှိနေပေမယ့် စုပေါင်းထုတ်ပြန်တာမျိုး အခု ဧပြီလကုန်ပိုင်းအထိ မတွေ့ရသေးပါဘူး။

(မှတ်ချက်။  ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ တုံ့ပြန်ချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။