စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတာ် (KNLA) မဟာမိတ်ပူးပါင်းတပ်တို့ တိုက်ပွဲအတွင်း လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးအပြင် လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သင်္ဃန်းညီနောင်ကျေးရွာအုပ်စုက မဲကနယ်၊ ကွင်းကလေး၊ ရွာသစ်ကုန်း၊ ပေါလော၊ သံပုံရာ၊ ခြေတော်ရာ၊ ဝှေ့ရှမ်း၊ မဲ့ပလဲနဲ့ အနီးဝန်းကျင်က ကျေးရွာ ၁၀ ရွာ လောက်က ဒေသခံ ငါးထောင်ကျော် မြဝတီမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
လေကြောင်းရန်ကြောက်နေရပြီး မြဝတီမြို့ဘက်ကို ရွာသစ်ကုန်းတစ်ရွာလုံး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သဘာဝတရားရိပ်သာဆေးရုံ တာဝန်ခံ ဆရာတော် ဦးဇာရမဂ္ဂက ပြောပါတယ်။
"အဓိကက လေယာဥ်ပဲကြောက်ရတာဆိုတော့ ညတုန်းက လေယာဥ်နဲ့တစ်ခါ ဗုံးပတ်ကြဲတယ်၊ အဲ့တော့ နီးစပ်တဲ့နေရာတွေက ပြည်သူတွေက မနေရဲတော့ဘူးပေါ့နော်၊ ထိတာလည်း ပြည်သူလူထုတွေ အများဆုံးထိတာကိုး"
ဝှေ့ရှမ်းရွာက ရှမ်းတိုင်းရင်းသား မိသားစုတွေဟာ ထိုင်းနိုင်ငံက ရွာတွေဘက် ရှောင်တိမ်းတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝှေ့ရှမ်းရွာခံတစ်ဦးက RFA ကို ပြောပါတယ် ။
"ဘယ်နေရာတွေ ကြဲသွားလဲဆိုတော့ အတွင်းမဲကနယ်၊ ရွာသစ်ကျောင်းကို ပထမ ၆ လုံးကြဲတယ်၊ ရာဘာခြံဟောင်းဘက်ကိုလည်း ကြဲတယ်၊ ဖထီးခြံ ဖြတ်လမ်းဘက်လည်း ကြဲချတယ်၊ ဝှေ့ရှမ်းဘက်က လူတွေက မနေ့ညက သဲပုံဘက်ကနေကူးတဲ့ ဝမ်းဖာ ကိုပေါ့၊ ဒီဘက်က သူတို့အမျိုးတွေဆီကို ကူးလာတယ်၊ သံပုရာတို့ ပေါလောတို့ ဝှေ့ရှမ်းကလူတွေကတော့ လွန်ခဲ့တဲ့ ရက်တွေထဲက ကူးလာကုန်ကြတာ။"
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ KNLA မဟာမိတ်ပူပေါင်းတပ်တွေ ခမရ (၃၅၅)၊ (၃၅၆) နဲ့ သင်္ဃန်းညီနောင် ရဲစခန်းနေရာတွေကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ရေးတာဝန်ရှိသူတွေ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေတချို့က ရေးသားဖော်ပြကြပါတယ်။
ဒီတိုက်ပွဲ အခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို၊ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

လက်ရှိ မြဝတီမြို့က ဒုက္ခသည်တွေ ယာယီစောင့်ရှောက်ပေးနေတဲ့ နေရာ ၅ ခုလောက်မှာ တိမ်းရှာင်လာသူတွေကို ကူညီထားတယ်လို့ သဘာဝတရားရိပ်သာဆေးရုံ တာဝန်ခံ ဆရာတာ် ဦးဇာရမဂ္ဂက ပြောပါတယ်။
"လူဦးရေ ၂၀၀ ကျော်မယ်ထင်တယ်၊ ပြီးတော့ ဒီဦးဇင်းတို့နားမှာပဲ တစ်ခါ ဓမ္မာရံအောင်ကျောင်း ဆိုတာရှိတယ်၊ အဲ့ဒီမှာလည်း စစ်ရှောင်တွေရှိတယ်၊ ပြီးတော့ မဲကနယ်ဘက်က မင်္ဂလာရွာဦးကျောင်းမှာလည်း ရှိတယ်၊ စစ်ရှောင်တွေကတော့ ဦးဇင်းသိသလောက်တော့ ၅ နေရာလောက်ရှိတယ်၊ များများစားစားပေါ့၊ ပြီးတော့ ဒီကြံခင်းစျေးကုန်းက အမှတ် ၃ ဓမ္မာရုံမှာလည်း ရှိတယ်"
အခုလို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင်း တိုက်ပွဲတွေကြောင့် နေ့ရောညပါ ဗုံးပေါက်ကွဲသံတွေကို မဲဆောက်မြို့ဘက်ကနေ ကြားနေရတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်နဲ့ ထိုင်းတော်ဝင်စစ်တပ်က ဖုတ်ဖရ၊ မယ်လမတ်၊ မဲဆောက်၊ ထာ့ဆောင်ရမ်းမြို့နယ် နယ်စပ်လမ်းပိုင်း မှာ ကင်းလှည့်စောင့်ကြည့်နေတယ်လို့ ထိုင်းပြည်တွင်းသတင်းတွေက ထုတ်လွှင့်ကြပါတယ်။