မြ၀တီသင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီမြို့ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
မြဝတီမြို့ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

မြဝတီမြို့ သင်္ဃန်းညီနောင်မှာ စစ်ကောင်စီရဲ့ ခမရ (၃၅၅) တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

မတ်လ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာသစ်ကုန်းကျေးရွာက သဘာဝရိပ်သာ တရားဆေးရုံကို ထိမှန်ခဲ့လို့ အဘိုး နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဦးစီးဆရာတော် ဦးဇင်း ဇာရမဂ္ဂက ပြောပါတယ်။

"ဒီနေ့မနက်ပဲ စောစောလေးကမှ ဒီမှာ လေယာဉ်နဲ့ ဗုံးလာကြဲလိုက်တာ ၁၁ ခွဲလောက်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲလိုက်တာ ဆရာတော့်ရဲ့ စံကျောင်းပေါ်ကို ကျသွားတာပါ၊ ဆရာတော်ရဲ့ စံကျောင်းပေါ်ကို တစ်လုံး၊ ပက်လက် လူနာဆောင်မှာ ပက်လက်သမား ၃၁ ယောက်ရှိတာ ၇ ယောက်က ဒဏ်ရာရသွားတယ်၊ ၂ ယောက်က ပွဲချင်းပြီးသေသွားတယ်။ မြဝတီသဘာဝရိပ်သာ တရားဆေးရုံမှာပါ၊ ဆေးရုံမှာ ဘိုးဘွားတွေ လူနာတွေ ခိုကိုးရာမဲ့တွေ စောင့်ရှောက်ထားတာ လူဦးရေ ၁၈၀ ကျော် ရှိပါတယ်"

မတ်လ ၇ ရက် မနက်ပိုင်းကနေ မတ်လ ၈ ရက်နေ့အထိ တိုက်ပွဲဖြစ်တဲ့နေရာတွေကို မြဝတီမြို့ ခလရ (၂၇၅) တပ်ကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖာ်လိုသူ ရွာသစ်ကုန်းကျေးရွာက အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"အဲ့ဒီ ညီနောင်ဘက်ခြမ်းနဲ့ ဒီ ၂၇၅ ဘက်ကနေကော နှစ်ကြိမ်စလုံး တောက်လျှောက်ပစ်တာလေ၊ မနက်ကဆို အကြိမ်ရေ ပိုများတာပေါ်နော်၊ ဇုန်အထွက်က သဘာဝတရားရိပ်သာ ဆန္ဒတော်ပြည့် ဘုန်းကြီးကျောင်းနားက သဘာဝရိပ်သာမှာတဲ့ စစ်ဘေးရှောင်ရော ဘာတွေရော ရှိနေသေးတယ်တဲ့၊ အဲ့ဒီနေရာကို ဗုံးကျတယ်တဲ့၊ အခု Ambulance တွေ ထွက်သွားတာ အဲ့ဒီက လူနာတွေတဲ့ အများကြီးဘဲ Ambulance သံတွေ ဆူညံနေရောပဲ၊ ပြည်သူတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်"

အခုလို မြဝတီမြို့ရဲ့ အချက်အချာကျတဲ့ သင်္ဃန်းညီနာင်စစ်ဗျူဟာ လက်အောက်ခံ ခမရ ၃၅၅၊ ခမရ ၃၅၆ တပ်ရင်း နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းကျော်သူကို တယ်လီဖုန်း ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

အလားတူ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ရွာသစ်ကုန်းကျေးရွာ DKBA တပ်ဖွဲ့ပိုင် (၉၀၁) တပ်ခြံဝင်းအနီး နေအိမ်ပေါ်ကျခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် နှစ်လုံးပျက်စီးသွားတဲ့အပြင် အရပ်သားတွေ ထိခိုက်တာတွေ ရှိတယ်လို့ ရွာသစ်ကုန်းကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ဗျူဟာကုန်းတို့ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ အဲ့မှာပစ်တာ ဆက်တိုက်ပဲ ပစ်တဲ့အခါကျတော့ ၉၀၁ နားက အိမ်တွေကို သွားကျတာ၊ အဲ့ဒီမှာ သူ့အိမ်တည့်တည့်ကျတဲ့အခါကျတော့ သူက တစ်ခါတည်း ပွဲချင်းပြီးပဲ ဆုံးသွားတယ် လက်နက်ကြီးထိပြီးတော့၊ အဲ့ဒါအပြင်ကို သူတို့လက်နက်ကြီးနဲ့ ပစ်တာအိမ်တွေလည်း တော်တော်များများထိတယ်၊ ဒါပေမဲ့ အခုလောလောဆယ် အိမ်ကတော့ ၂ လုံးပဲ ထိတယ်လို့ အဲ့လိုသိသေးတယ်ပေါ့၊ တခြားထိတဲ့ဟာတွေတော့ အများကြီးရှိတယ်"

မြဝတီမြို့ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မြဝတီမြို့ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တိုက်ပွဲဖြစ်နေတဲ့ နှစ်ရက်အတွင်းမှာ သင်္ဃန်းညနောင်၊ ရွာသစ်ကုန်းကျေးရွာနဲ့ မြဝတီကုန်သွယ်ရေးဇုန်၊ ရွှေမြစန္ဒီ ရပ်ကွက်၊ ဖားချောင်းကျေးရွာတွေက ဒေသခံတစ်ထောင်ဝန်းကျင်လောက်ဟာ နီးစပ်ရာ ဘုန်တော်ကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖာ်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာသစ်မှာ ဆိုလို့ရှိရင်လည်း ရွာကလူတွေ မရှိတော့ဘူး၊ အကုန်လုံး တောတောင်ထဲတွေ အကုန်ပြေးကုန်ကြတယ်၊ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး၊ အဲ့လိုလက်နက်ကြီးကျတာတွေ ရှိလို့ပေါ့၊ အခုစစ်ရှောင်နေတာ ၂ လကျော် ၃ လ နီးပါးလောက်ရှိပြီး၊ ဒီမဲကနယ် ကွက်သစ်ကနေပေါ့ ရှောင်လာတာ၊ စိန်ရောင်ခြည်ရှမ်းကျောင်း၊ ဒီမင်္ဂလာရွာဦးကျောင်း၊ ချမ်းမြေ့မေတ္တာကျောင်း၊ ဒီဗျူဟာကျောင်းလို့ ခေါ်တယ်ပေါ့ ဒီဇုန်ထိပ်နားကကျောင်းမှာ နေနေကြတယ်၊ ဒီလေးကျောင်းလုံးဆိုရင်တော့ တစ်ထောင်ကျော် အဲ့လောက်တော့ရှိမှာပေါ့။”

လတ်တလောမှာ စစ်တပ်ရဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာ ခမရ ၃၅၅၊ ၃၅၆ တပ်နဲ့ သင်္ဃန်းညနောင် ရဲစခန်း၊ မြဝတီ ကုန်သွယ်ရေးဇုန် နေရာတွေမှာ KNLA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေသလို နှစ်ဖက်ထိခိုက် သေဆုံးတာတွေ ရှိနေပေမဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။