စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့ ကြေညာ
2024.02.13

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ဖွဲ့စည်းလိုက်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့ အားထုတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပေမယ့် မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝမရရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
“အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးသော်ငြားလည်း ဘာမှတော့ မျှော်မှန်းတဲ့ရလဒ်တွေ မထွက်ပေါ်လာဘူး"
ဒီလိုမျှော်မှန်းချက်တွေ မရရှိတာကြောင့် စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းမှသာ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်နိုင်မယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်က RFA ကို ပြောပါတယ်။
“အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးသော်ငြားလည်း ဘာမှတော့ မျှော်မှန်းတဲ့ရလဒ်တွေ မထွက်ပေါ်လာဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးတွေကို ရောက်နိုင်ဖို့အတွက် ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းမှပဲ ကျွန်တော်တို့လို လားတဲ့ ပန်းတိုင်ကိုရောက်ရှိနိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့ မြင်တယ်”
စစ်ကောင်စီတပ်အနေနဲ့ မွန်ပြည်နယ်မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ နေအိမ် မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးမှုတွေ မဖြစ်နိုင်တော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ပါဝင်လာတာကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း မျှော်လင့်တယ်လို့ ပြောပါတယ်။
“ဒီလုပ်ရပ်အတွက် ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ စစ်အုပ်စုကလည်း သူတို့ရဲ့ သရုပ်မှန်ကို ပြနေပြီ။ ဘယ်လိုနည်းနဲ့မှ စစ်အုပ်စုနဲ့ အေးအေးဆေးဆး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ဆိုတာ တော်တော်ခက်ခဲမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သူတို့ သက်သေအများကြီး ပြနေတာရှိတယ်။ အဲဒီအတွက်ကြောင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ အားလုံးပူးပေါင်းပြီးတော့ စစ်အုပ်စုကို အမြစ်ဖြတ်နိုင်မှသာလျှင် ကျွန်တော်တို့ တိုင်းပြည်အနာဂတ်က သာယာငြိမ်းချမ်းမယ်ဆိုတာ အာလုံးလည်း သိမြင်နိုင်ကြပြီဖြစ်ပါတယ်။ အဲဒီအတွက် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကြိုဆိုတယ်။ NUG အနေနဲ့လည်း ဒီလိုမျိုးကိစ္စတွေ ရှေ့လျှောက် ဒီလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း မျှော်လင့်ပါတယ်”
အခုအသစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့ကို မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျက ဦးဆောင်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူကြတဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သား ရဲဘော်တွေ ပူးပေါင်းပြီး ထူထောင်တာလို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရသူ နိုင်အောင်မငေးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။ အလားတူ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာလည်း လက်ခံဖြေကြားခြင်းမရှိပါဘူး။
လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘောင်ကျယ်လာပြီး ဆွေးနွေးမှုဘောင်ဟာ ကျဉ်းမြောင်းသွားတဲ့အတွက် မွန်ပြည်သစ် ပါတီလိုမျိုး ဖြစ်ရပ်တွေက ဖြစ်လေ့ဖြစ်ထရှိတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA - PC) အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က မှတ်ချက်ပေးပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ မကြုံစဖူး စစ်ဘောင်က တစ်နေ့တစ်ခြား တအားကျယ်ပြန့်လာတယ်။ နိုင်ငံရေး ဆွေးနွေးမှုဘောင်က တော်တော်လေးကို ကျဉ်းမြောင်းသွားတဲ့ ဒီကာလတစ်ခုအောက်မှာတော့ လက်ရှိ ပကတိ နိုင်ငံရေးအခြေအနေရဲ့ တွန်းပို့မှုအရပဲ မတူညီတဲ့ ပထဝီနယ်မြေ အခြေအနေကနေ မတူညီတဲ့ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းတွေနဲ့ ရပ်တည်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှာကတော့ အဲဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ပေါ်လာတတ်တယ်ဆိုတာကတော့ ကျွန်တော်တို့ ဖြတ်သန်းမှုအရ အဲဒီလိုပဲ နားလည်တယ်လို့ ပြောချင်တယ်”
မွန်ပြည်သစ်ပါတီအပြင် အပစ်အခတ်ရပ်စဲထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး လူထုက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူမဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး စစ်ကောင်စီတပ်နဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လိုလားချက်တွေကို နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုတာ မဟုတ်ဘဲ လက်နက်ကိုင် တောင်းဆိုတာကို လုံး၀လက်မခံဘူးလို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်မှာပဲ ရပ်တည်ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် လျှော့ပေးတဲ့နိုင်တဲ့ သဘောထားတွေမရှိရင် ပဋိပက္ခတွေက ပိုကြာရှည်လိမ့်မယ်လို့ နိုင်ငံရေးလေ့လောသုံးသပ်သူ ဒေါက်တာစိုင်းကြည်စင်စိုးက ပြောပါတယ်။
“ဒီလိုမျိုး တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်ညှိလို့မရတဲ့ အနေအထားမျိုးဖြစ်သွားပြီဆိုရင် အမြဲတမ်းရောက်လာတာက လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကိုပဲ ရောက်လာကြတဲ့သဘော သမိုင်းမှာလည်း တွေ့ရတယ်။ ဒါပေမဲ့ အဖြေရှာဖို့အတွက်ဆိုရင် တကယ်တမ်း တိုင်းပြည်အေးအေးချမ်းချမ်းနဲ့ သွေးထွက်သံယို မရှိဘဲ၊ ထိခိုက်နစ်နာမှု မရှိဘဲ အကောင်းဆုံးအခြေအနေ ဘယ်သူက ရောက်ဖို့အတွက် တကယ်ဆန္ဒအမှန်၊ သဘောထားအမှန်နဲ့ ရပ်တည်ပြီးတော့ စဉ်းစားနိုင်တယ်၊ အလျှော့ပေးနိုင်တယ်ဆိုတဲ့ သဘောထားကြီးမှု အခြေအနေပေါ်မှာပဲ မူတည်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်”
(NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့ရှိတဲ့အနက် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
NCA လက်မှတ်ရေးထိုးပြီး အပစ်ရပ်ထားတဲ့ PNLO အဖွဲ့နဲ့လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်သုံးနှစ်အတွင်းမှာတော့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၂၁ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။