ဘုရားကျောင်းတွေမှာ လူငါးဦးထက်ပိုမစုဖို့ ဟားခါးစစ်ကောင်စီ အမိန့်ထုတ်

RFA Burmese
2024.04.24
ဘုရားကျောင်းတွေမှာ လူငါးဦးထက်ပိုမစုဖို့ ဟားခါးစစ်ကောင်စီ အမိန့်ထုတ် ချင်းပြည်နယ်၊ ဟားခါးမြို့ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Photo: RFA

ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဧပြီလ ၂၂ ရက်နေ့ကစလို့ စျေးဆိုင်တွေကို ပိတ်ထားကြဖို့နဲ့ ဘုရားကျောင်းတွေမှာလည်း လူငါးဦးထက်ပိုမစုဖို့ စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီး တင်းကျပ်လိုက်တယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။

ဧပြီလ ၁၂ ရက်နေ့ မနက် ၉ နာရီကျော်က VIP ယာဉ်တန်းကို CDF အဖွဲ့တွေက မြို့သစ်ရပ်ကွက်က နေအိမ်၊ ဆိုင်ခန်းနဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လူကြီးတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အခုလို တားမြစ်မိန့်ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ အမိန့်စာမှာ ပါရှိပါတယ်။

ဒီအမိန့်ဟာ လာမယ့် ဇွန်လ ၂၀ ရက်နေ့အထိဖြစ်ပြီး မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမိန့်စာမှာပါရှိတဲ့ အချက်အလက်တွေဟာ စွပ်စွဲချက်သာဖြစ်ပြီး အခုလို ပိတ်ပင်တဲ့အပေါ် လက်ခံနိုင်စရာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဈေးဆိုင်များ၊ ပြီးရင် ပြည်သူများနေအိမ်၊ ဘုရားကျောင်းများမှ လက်ခံ၍ ပစ်ခတ်ထားတယ်လို့ သူတို့က အဲလိုညွှန်ထားတာရှိတယ်၊ အမိန့်စာမှာပေါ့နော်။ လက်ခံထားတယ်ဆိုတဲ့ အဲဒီစကားလုံးကျတော့ ကျွန်တော်တို့အနေနဲ့တော့ လက်ခံစရာမရှိဘူး”

မြို့သစ်ရပ်ကွက်ဟာ ပြည်နယ်စစ်ကောင်စီရုံးနဲ့ ဝန်ကြီးအိမ်ရာတွေရှိတဲ့ နေရာကြားမှာရှိပြီး စစ်ကောင်စီယာဉ်တန်း ရုံးတက်ရုံးဆင်းချိန် အဲဒီရပ်ကွက်ကို ဖြတ်ပြီးသွားလာရတာပါ။

ဟားခါးမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ၆၄ ကျောင်းရှိပြီး မြို့သစ်ရပ်ကွက်မှာ လူငါးဦးထက် ပိုမစုဖို့ တားမြစ်ခံရတဲ့ ဘုရားကျောင်းက ၁၄ ကျောင်းရှိပါတယ်။ အပိတ်ခံရတဲ့ စျေးဆိုင်ခန်းကတော့ သုံးဆယ်ကျော်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီအမိန့်ကြောင့် ဒေသခံတွေရဲ့ စီးပွားရေးကို ထိခိုက်စေသလို တနင်္ဂနွေနေ့တိုင်း ၀တ်ပြုကိုးကွယ်တတ်ကြတဲ့ ခရစ်ယာန်ဘာသာ၀င်တွေအတွက်လည်း အခက်အခဲဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့ အမိန့်ဟာ ပြည်သူတွေကို ဖိနှိပ်တဲ့အမိန့်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလိုလုပ်တာဟာ ဘာမှမသက်ဆိုင်တဲ့ ပြည်သူတွေကို ဖိနှပ်တာလို့ ဟားခါး ဒေသခံတစ်ဦးက ပြောပါတယ်။

"အဓိကကတော့ ပြည်သူတွေကိုဦးတည်ပြီးတော့ ဖိနှိပ်တဲ့သဘောအနေနဲ့ ပြည်သူတွေပဲနစ်နာစေ၊ ပြည်သူတွေပဲ ခံစေဆိုတဲ့ သဘောမျိုး၊ တစ်ဖက်နဲ့တစ်ဖက်ပေါ့။ အများပြည်သူအတွက်လည်း လက်လုပ်၊ လက်စားတွေရှိနေတယ်။ တစ်နေ့လုပ် တစ်နေ့စားရှိတဲ့အခါကျတော့ တော်တော်လေးအခက်အခဲရှိတယ်"

ဟားခါးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရစ်ယာန်အသင်းအုပ် ဆရာတစ်ဦးက တားမြစ်ချက်တွေကို ဖြေလျှော့ရေး စစ်ကောင်စီကိုတောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့ RFA ကိုပြောပါတယ်။

"လောလောဆယ်တော့ ဖြေလျှော့ပေးဖို့ပေါ့နော်။ အဓိကကျတော့ နာရေးကိစ္စ၊ နောက်ပြီးရင် ဘုရားကျောင်း ပုံမှန်တက်နေကြအချိန်ကိုတော့ ဖြေလျှော့ဖို့။ တကယ်ရမယ်ဆိုရင် ဈေးဆိုင်တွေကိုလည်းဖွင့်ခွင့်‌ပြန်ရဖို့ ဈေးဆိုင်က ပိတ်လည်းဘာထူးလဲ။ လုံခြုံရေးနဲ့ဘာဆိုင်လဲဆိုတာ သုံးချက်တော့ရှိတယ်၊ အဲဒါတွေကို တင်ပြဖို့တော့ ရှိတယ်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

"ဘုရားကျောင်းထဲမှာ လူငါးဦးထက် မစုရဆိုတာက ဝတ်ပြုကိုးကွယ်ပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံရတယ်လို့ ပြောလို့ရတယ်"

ဘုရားကျောင်းတွေမှာ လူမစုရဆိုတဲ့ ကန့်သတ်ချက်ဟာ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။

"အခု ဟားခါးမှာတိုက်ပွဲဖြစ်လို့၊ ပစ်ခတ်မှုဖြစ်လို့ ဘာသာရေးဘုရားကျောင်းတွေကို ပိတ်ပင်ရေးလုပ်တာ။ ဘုရားကျောင်းထဲမှာ လူငါးဦးထက် နေခွင့်မပြုတာက ဘာသာရေးကိုပိတ်ပင်တာ စော်ကားတာပဲပေါ့နော်။ ဘုရားကျောင်းထဲမှာ လူငါးဦးထက် မစုရဆိုတာက ဝတ်ပြုကိုးကွယ်ပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံရတယ်လို့ ပြောလို့ရတယ်"

CDF ဟားခါးအဖွဲ့ကတော့ မြို့သစ်ရပ်ကွက်လမ်းဆုံမှာ စစ်ကောင်စီရဲ့ ဝန်ကြီးတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်ပြီး အဲဒီဖြစ်စဉ်အတွင်း ၀န်ကြီးသုံးဦးအပါအ၀င် ကားပေါ်မှာလိုက်ပါလာသူ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။