ချင်းမိုင်အစည်းအဝေးတက်တဲ့အပေါ် PNLO ခေါင်းဆောင်တွေ သဘောထားကွဲနေ
2024.03.18
ချင်းမိုင်အစည်းအ၀ေးဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးဖြစ်ပြီး ဒီအဖွဲ့တွေဟာ စစ်ကောင်စီနဲ့အခါအားလျော်စွာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကို NCA လမ်းကြောင်း အတိုင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့ ခုနစ်ဖွဲ့ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဟာ ၂၀၂၄ ဇန်န၀ါရီလ ၂၆ ရက်နေ့က စစ်အာဏာရှင်ကို တခြားညီနောင်တိုင်းရင်းသားတွေနဲ့အတူ လက်တွဲတိုက်ခိုက်သွားမယ်လို့ အဖွဲ့ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။
PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က အစည်းအဝေးတက်ရောက်တဲ့ ကိုယ်စားလှယ်တွေဟာ PNLO ဗဟိုကော်မတီက ဆုံးဖြတ်ချက်နဲ့ တက်ရောက်သူတွေမဟုတ်ဘဲ လက်ရှိအစည်းအ၀ေးကျင်းပနေချိန်မှာစစ်ကောင်စီဟာ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ဆီဆိုင်မြို့ကို အပြင်းအထန်တိုက်ခိုက်နေချိန်ဖြစ်တယ်လို့လည်း ပြောပါတယ်။
“အစည်အဝေးသွားတက်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအနေနဲ့ သွားရောက်တာဖြစ်ပြီး ဗဟိုကော်မတီသဘောထားနဲ့ သွားတက်တာမဟုတ်ပါဘူး။ လက်ရှိမှာဆို PNLO အဖွဲ့ဟာ မဟာမိတ်တွေနဲ့ အတူ စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဟာလည်း ကျွန်တော်တို့ ပအိုဝ်းတွေရဲ့ ဆီဆိုင်မြို့ကိုလဲ ပြာပုံလောက်နီးနီးဖြစ်အောင် ချေမှုန်းနေတာဖြစ်ပါတယ်”
ချင်းမိုင်အစည်းအဝေးကို PNLO ကိုယ်စားပြုတက်ရောက်ခဲ့သူဟာ PNLO ရဲ့ နာယကဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့အဖွဲ့ဖြစ်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလိုတုံ့ပြန်ပါတယ်။
“ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့တော့မဟုတ်ဘူး သို့သော် မတက်နဲ့လို့တော့လည်း တားမထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တိုက်တဲ့သူက တိုက်ပေါ့ဗျာ။ ကျွန်တော်တို့က မိတ်မပျက်အောင် ချိတ်ထားရမှာပေါ့ဗျာ။ နေပြည်တော်နဲ့ မိတ်မပျက်အောင် ချိတ်ထားရမဲ့ တာဝန်အပြင် ဒီဘက်ကအဖွဲ့တွေနဲ့ ဆက်ပြီး ချိတ်ဆက်ထားဖို့ တာဝန်လည်းရှိပါတယ်”
ဒါဆိုဒီအခြေအနေဟာ PNLO အဖွဲ့ နှစ်ဖွဲ့ကွဲနေတယ်လို့ဆိုနိုင်မလား။
“ပြောမယ်ဆိုရင် တိုက်ပွဲတွေနဲ့ အတူရပ်တည်နေတဲ့ ဗဟိုကော်မတီအနေအထားက ၇၆ ရာခိုင်နှုန်းလောက်ရှိပြီး အစည်းအဝေးသွားတက်သူကတော့ အနည်းအကျဥ်းသာရှိပါတယ်”
ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း အခုလို ပြောပါတယ်။
“ဥက္ကဋ္ဌကြီး ခွန်သူရိန်ဆီမှာတော့ ဗဟိုကော်မတီ သိပ်မကျန်ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာပဲဖြစ်ဖြစ် အစည်းအ၀ေးနဲ့ ဆုံးဖြတ်ပြီးလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ အစည်းအဝေးတွေ ဘာတွေ မလုပ်နိုင်တဲ့ အခြေအနေမှာ တိုင်ပင်ပြီး အခုလိုလုပ်လိုက်ရတာ”
လက်ရှိအခြေအနေမှာ PNLO အဖွဲ့ ဥက္ကဋ္ဌဟောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ဥက္ကဋ္ဌ ခွန်မြင့်ထွန်းဟာလည်း PNLO ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ဆက်လက်ရှိနေပြီး PNLO ဗဟိုကော်မတီရဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ထုတ်ပြန်ချက်ကို PNFC အနေနဲ့ ထောက်ခံကြောင်း ကြေညာချက်ထုတ်ထားပါတယ်။