မိုင်းပန်မြို့နယ်ထဲက ပစ်ခတ်မှု တပ်မတော်က သတင်းထုတ်ပြန်


2018.12.28
armystatement-622 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲက တပ်မတော် စစ်ကြောင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က မနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တပ်သားတချို့ ကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။

~~~~~~~~~~

မိုင်းပန်မြို့နယ်ထဲက ပစ်ခတ်မှု တပ်မတော်က သတင်းထုတ်ပြန်

(သီဟထွန်း)

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ Bilateral ခေါ် နှစ်ဖက်အပစ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးဖို့ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲရှေ့ဆက်နိုင်ဖို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်း ၅ ခုမှာ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာပြီးနောက်မှာ အခုလို တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။


ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်ထဲက တပ်မတော်စစ်ကြောင်းကို RCSS အဖွဲ့က မနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်သားတွေ ထိခိုက်သေဆုံးရတာတွေရှိခဲ့ကြောင်းနဲ့ ဒီကိစ္စအပေါ် တရားဥပဒေဘောင်အတွင်းက ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးကတော့ မိုင်းပန်းဒေသမှာ တပ်မတော်နဲ့ RCSS အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ RCSS ရဲ့ မြေပြင်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း ပြောပါတယ်။

"ကျနော်တို့ဘက်ကပြောတာတော့ တိုက်ပွဲမဖြစ်ဘူးလို့ပြောတယ်ဗျ။ တပ်မတော် ဘက်ကလည်း ကျနော်တို့ ဆက်ဆံရေး ရုံးကိုခေါ်တွေ့တာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ မေးကြည့်တာတော့ သူတို့ပြောတဲ့နေ့မှာ ကျနော်တို့လူက မဖြစ်ဘူးလို့ပြောတယ်ဗျ။ ဟုတ်တယ် ကျနော်တို့ မိုင်းပန်က ဆက်ဆံရေးရုံးတာဝန်ခံကို ခေါ်တွေ့တာရှိတယ်ဗျ။ ကျနော်တို့ တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ဘူး၊ တဘက်ထဲကပဲဖြစ်တယ်လို့ပဲ ကျနော်တို့ဆီမှာတော့ မဖြစ်ဘူးလို့ပြောတယ်"

ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အဲဒီမိုင်းပန်းမြို့နယ်မှာရှိတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က RCSS ဘက်ကို လက်နက်ကြီးနဲ့ ၂ ကြိမ်တိုင် ပစ်ခတ်တာတွေရှိပေမဲ့ RCSS ဘက်ကတော့ တိုက်ခိုက်တာ မရှိဘူးလို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မှိုင်းကတော့ ဒီဇင်ဘာလ ၂၄ နဲ့ ၂၅ ရက်နေ့က RCSS နဲ့ PNLO တို့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် မနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောပါတယ်။

"RCSS နဲ့ကျတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ တစ်ကြိမ်၊ ၂၅ ရက်နေ့ မနက်ပိုင်းမှာ တစ်ကြိမ် အဲလိုတော့ရှိတယ်။ အဲလိုတော့ဖြစ်တာမရှိဘူး ကျနော်တို့နဲ့ RCSS လည်း မနေ့ကမဖြစ်ဘူး၊ တပ်နဲ့ဖြစ်တာလဲမရှိဘူး မနေ့တုန်းကတော့"

တဆက်တည်းမှာပဲ တပ်နဲ့ PNLO ပူပေါင်းပြီး RCSS ကို တိုက်ခိုက်တာမရှိကြောင်းနဲ့ နှစ်ဖက်ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ မူဝါဒချမှတ်ထားကြောင်း ပြောပါတယ်။

တပ်မတော်ထုတ်ပြန်ချက်မှာတော့ RCSS အဖွဲ့ဟာ အဲဒီဒေသကို နယ်မြေကျော်ပြီး ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ပန်ပိရွာ ဘုန်းကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသခံပြည်သူတွေ လှူဒါန်းတဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို RCSS က ပိတ်ဆို့ဟန့်တားခဲ့တာကြောင့် တပ်က ကူညီဖို့သွားရာမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြောထားပါတယ်။

တဆက်တည်းမှာပဲ တပ်မတော်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တို့ ပူးပေါင်းပြီး RCSS အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ RCSS ထုတ်ပြန်ချက်ဟာ မဟုတ်မမှန်ကြောင်းလည်း တပ်မတော်က ငြင်းဆိုထားပါတယ်။

မိုင်းပန်မြို့နယ်မှာ တပ်မတော်နဲ့ RCSS အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ RCSS အဖွဲ့ပြောခွင့်ရသူကပြောတဲ့ ကိစ္စနဲ့ပတ်သက်လို့ RFA က တပ်မတော် သတင်းအမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအချိန်အထိ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။