မောင်တောခရိုင်ဆေးရုံ ပိတ်ထားရတာကြောင့် ဒေသခံတွေ အခက်ကြုံ

မောင်တောခရိုင် ပြည်သူ့ဆေးရုံကိုပိတ်ပြီး ဆရာဝန်တွေအပါအဝင် ကုသရေးဝန်ထမ်းအားလုံး စစ်တွေမြို့ကို တစ်ပတ်အတွင်းလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ညွှန်ကြားခဲ့ပြီးနောက် အဲဒီဆေးရုံဟာ ပုံမှန်မလည်ပတ်နိုင်တော့တာလို့ ဒေသခံတွေက ပြောပါတယ်။

မီးဖွားခါနီး ညီမဖြစ်သူနဲ့ တခြားကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တော မြို့ခံအမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်တပ်က လာပြောတယ်။ စစ်တွေကိုပြောင်းပေးရမယ့်ပုံစံမျိုး ပြောတယ်ဆိုလို့ ဆေးရုံက နာ့စ်တွေအားလုံး ပစ္စည်းတွေ သိမ်းကြတယ်။ ဆိုတော့ နောက်နေ့ ဆရာဝန်လည်း မရှိတော့ဘူး။ နာ့စ်တွေလည်း ကိုယ်ဟာနဲ့ကိုယ် အားလုံးပြန်သွားကြတယ်။ ဘယ်လိုလုပ်ကြမလဲ၊ ဘာတတ်နိုင်မှာလဲ။ အခုကျွန်မတို့မှာလည်း အိမ်မှာ ညီမတစ်ယောက်ကိုယ်ဝန် ခြောက်လ၊ ခုနစ်လ ဖြစ်နေပြီ။ ဘယ်လိုမွေးရမယ်မသိဖြစ်နေတယ်။ အခုက အားလုံး ခုနစ်လ၊ ရှစ်လ ကိုယ်ဝန်တွေနဲ့ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်”

မောင်တောခရိုင် ပြည်သူ့ဆေးရုံကို ပြည်နယ်စစ်ကောင်စီ ညွှန်ကြားချက်နဲ့ပိတ်ထားရတာဖြစ်ပြီး ဆရာဝန်အပါအဝင် ကုသရေးဝန်ထမ်းတွေက မူလနေရာဖြစ်တဲ့ ခရိုင်ပြည်သူ့ဆေးရုံမှာပဲ တာဝန်ထမ်းဆောင်လိုကြောင်း ပြောခဲ့ကြပေမယ့် ပြည်နယ်စစ်ကောင်စီက လက်မခံဘူးလို့ အဲဒီဆေးရုံက တာဝန်ရှိသူတစ်ဦးက RFA က ပြောပါတယ်။ တရားဝင်စာထုတ်ပြီး စစ်တွေကိုလာဖို့ ခေါ်တာမဟုတ်ဘဲ နှုတ်မိန့်နဲ့ခေါ်တာဖြစ်သလို အကြောင်းအရင်းကိုလည်း တိတိကျကျမပြောဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မောင်တောခရိုင် ပြည်သူ့ဆေးရုံက ဆရာဝန်အပါအတွင် ကုသရေးဝန်ထမ်းအားလုံးကို စစ်တွေမြို့ကို ဘာကြောင့်ခေါ်တယ်ဆိုတာကိုသိရဖို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆေးရုံပိတ်ပြီး သုံးရက်မြောက်နေ့မှာတော့ စစ်ကောင်စီကပြန်ဖွင့်ဖို့ပြောဆိုခဲ့ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေကတော့ သူတို့ရဲ့လုံခြုံရေး စိုးရိမ်တာကြောင့် တာဝန်ထမ်းဆောင်ဖို့ ပြန်မလာရဲကြတော့ဘူးလို့လည်း ဆိုပါတယ်။

ဆရာဝန်အပါအဝင် ကုသရေးဝန်ထမ်းအားလုံး ဆေးရုံကိုစွန့်ခွာခဲ့ကြပြီးနောက် ကိုယ်ဝန်‌ဆောင်အမျိုးသမီးတချို့နဲ့ တခြားလူနာတွေ ဆေးရုံကဆင်းခဲ့ကြရပြီး အမျိုးသမီးတချို့ ကလေးဆုံးရှုံးရတဲ့အထိ ကြုံခဲ့ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံက ပြောပါတယ်။

“ပိတ်ဖို့သတင်းပြောပြီး သုံးရက်မြောက်နေ့မှာ ပြန်ဖွင့်ခိုင်းတယ်။ ခယက (ခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ)က ပြန်ဖွင့်ရမယ် ဘာညာစာဝင်တယ်။ အဲဒီအချိန် မလာရဲကြတော့ဘူးလေ။ ဒီကိစ္စဖြစ်တဲ့အချိန်မှာ ကလေးအသက်တောင် ဆုံးခဲ့ရတယ်။ အမေကိုတော့ ရလိုက်တယ်။ ဟိုနေ့က ပြောသံကြားတာက စံပြရွာ ဘောလုံးကွင်းနားကရွာ အဲဒီရွာကတစ်ယောက်လည်း အပြင်မှာပဲ မွေးလိုက်ရတယ်။ လက်သည်နဲ့ မွေးလိုက်တယ်”

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ်အတွင်း တွေ့ရစဉ်။ (Photo: Myanmar Military)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ်အတွင်း တွေ့ရစဉ်။ (Photo: Myanmar Military)

ခရိုင်ပြည်သူ့ဆေးရုံ ပိတ်ထားရတဲ့အပြင် မောင်တောမြို့‌ပေါ်က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေပါ ပိတ်ထားရတာကြောင့် အရေးပေါ် ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ အခက်အခဲဖြစ်မှာကို မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

“နေဖို့အတွက် ဘယ်သူမှ အာမခံချက်မပေးတော့ အခုဆေးရုံအတွင်းမှာ လူတစ်ယောက်မှ မရှိ‌တော့ဘူး။ ဆေးရုံလည်း ပိတ်ထားတယ်။ ဆေးရုံမှာ ရဲကလုံခြုံရေး တစ်ရက်မှာ လေးငါးယောက်ချပေးထားတယ်။ ကုသရေးပိုင်းလည်းမရှိ ဆေးဝါးတွေကိုလည်း ပိတ်ထားတယ်ဆိုတော့ အပြင်မှာရှိတဲ့ ပုဂ္ဂလိက ဆေးခန်းတွေတောင်မှ ဆရာဝန်တွေမရှိလို့ အားလုံးပိတ်သွားကြပြီ။ ကျန်းမာရေးစောင့်ရှောက်မှုမရှိလို့ လူတွေက စိုးရိမ်ကြတယ်”

မောင်တောမြို့နယ်က ဒေသခံပြည်သူတွေ ဆက်သွယ်သွားလာနေကြတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်ထားသလို ဒေသခံပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကိုပါ စစ်ကောင်စီကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းမဖြေပါဘူး။

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်ဟာ ရခိုင်၊ မွတ်ဆလင်တွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ သက်၊ ဒိုင်းနက်(ခ)သက္ကမ၊ ခမီ၊ မြို၊ မရမာ စတဲ့ တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။