လမ်းပိုင်းတွေ ဖျက်ဆီးခံထားရတာကြောင့် အုတ်ဖိုဒေသခံတွေ သွားလာရေးခက်ခဲ

RFA Burmese
2024.03.22
လမ်းပိုင်းတွေ ဖျက်ဆီးခံထားရတာကြောင့် အုတ်ဖိုဒေသခံတွေ သွားလာရေးခက်ခဲ ပဲခူးတိုင်း ပဲခူးမြို့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေကို ဆက်ထားတဲ့ လမ်းနှစ်ခုကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာ အုတ်ဖိုမြို့နဲ့ ချောင်တင်းကွင်းကျေးရွာ၊ သာလိကာကျေးရွာတွေကို ဆက်သွယ်ထားတဲ့ သာလိကာ - ဂွေးချောင်းလမ်း ဒေသခံတွေအခေါ်အရ ချောင်တင်းကွင်းလမ်းနဲ့ ကြို့ပင်ကောက်မြို့ကနေ လှေတုန်း၊ သခွပ်ကုန်း၊ ဒေါင်းစပါး၊ ဒေါင်ကြီး၊ ဒေါင်လေး စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကြို့ပင်ကောက် - ကျည်စုလမ်းကို စစ်ကောင်စီတပ်သားတွေက မြေတူးစက် (ဘတ်ဟိုး) နဲ့ ဖျက်ထားတယ်လို့ ဆိုပါတယ်။

"ဈေးသွားဘာညာလုပ်နေတဲ့ အဓိက လမ်းလေးတွေပါ၊ အဲဒါကို လာဖျက်တာတော့ နှစ်နေရာဗျ"

အဲဒီလမ်းတွေက အုတ်ဖိုမြို့နယ် အရှေ့ခြမ်း တစ်ခုလုံးက ဒေသခံတွေ အားထားနေရပြီး အုတ်ဖိုမြို့နဲ့ ကြို့ပင်ကောက်မြို့တွေကို သွားလာရာမှာ အဓိကအသုံးပြုတဲ့ လမ်းတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီလမ်းတွေကတော့ အဓိက မိန်းလမ်းတွေပေါ့ဗျာ။ ကျွန်တော်တို့ တောသူတောင်သားတွေ မြို့ပေါ်ကို တက်ပြီးတော့ ကူးသန်းရောင်းဝယ်ရေးတွေ၊ ဆက်သွယ်ရေးတွေ၊ တောထွက် ပစ္စည်းလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေ သွားလာပြီးတော့မှ ဈေးသွားဘာညာလုပ်နေတဲ့ အဓိက လမ်းလေးတွေပါ၊ အဲဒါကို လာဖျက်တာတော့ နှစ်နေရာဗျ"

ဒီလမ်းပိုင်းနှစ်ခုက တြိဂံပုံစံဆုံပြီး ကြို့ပင်ကောက်၊ အုတ်ဖိုမြို့ကနေ ပဲခူးရိုးမ တောင်ခြေက ဝိုင်း၊ လက်ပံတောကျေးရွာတွေအထိ လမ်းပေါက်ပြီး ရွာပေါင်း ရာနဲ့ချီက ဒေသခံတွေ အသုံးပြုနေရတယ်လို့ ပြောပါတယ်။ ဒီလမ်းတွေကို ဖျက်ဆီးတဲ့အကြောင်းရင်းကို ဒေသခံတွေလည်း မသိကြပါဘူး။

အုတ်ဖိုမြို့နယ်က လယ်သမားတစ်ဦးက..လမ်းတွေဖျက်ဆီးခံထားရကြောင့် ကုန်ရောင်းကုန်ဝယ်သွားလာရာမှာ လိုအပ်တာထက် အချိန်ပိုကြာတယ်လို့ပြောပါတယ်။

"သွားရေးလာရေးကတော့ အဆင်မပြေဘူးဗျ။ ကျွန်တော်တို့ ပဲတွေလည်း မပြီးသေးဘူး။ ပြည်သူတွေဘက် မကြည့်ဘူးပေါ့ဗျာ။ သူတို့လုပ်ချင်ရာ လုပ်နေတာ။ သူတို့လုပ် ပြီးတယ်လို့ ဖြစ်နေတာ။ ကားတွေဘာတွေလည်း ဖြတ်မောင်းလို့ မရတော့ဘူး။ ကျွန်တော်ဆို လယ်ကွင်းဘက်ကနေ ပတ်မောင်းနေရတာ လမ်းသွားမယ်ဆိုရင်လေ။ ၁၄၊ ၁၅ မိနစ်နဲ့ရောက်မယ့်နေရာကို နာရီဝက်၊ တစ်နာရီလောက် သွားနေရတယ်"

ဒီချောင်တင်းကွင်းလမ်းကိုတော့ ကျေးရွာပေါင်း ၄၀ ခန့်က အသုံးပြုနေပြီး ဒေသခံတွေ ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးကိစ္စ သွားလာရေးမှာ အားထားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီလမ်းက အုတ်ဖိုမြို့နဲ့ ဆက်ထားတဲ့ လမ်းလည်းဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း သွားလာရလို့ရတဲ့ ဂဝံမြေနီခင်းလမ်းဖြစ်ပါတယ်။

အရေးပေါ် ကျန်းမာရေးဖြစ်လာတဲ့အခါ မြို့ပေါ်သွားလာရေး ခက်ခဲရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ တောသူတောင်သားတွေမှာ အကုန်လုံးကို သွားရေးလာရေး၊ မနာရေး မကျန်းရေး ခုနတုန်းကလို ကျွန်တော်တို့မှာရှိတဲ့ ညဘက် တုတ်တုတ်ကလေးတွေနဲ့ လူနာတွေ မြို့ကိုတက်ရတယ်၊ မီးဖွားလူနာတွေ မြို့ကိုတက်ရတယ်။ အဲဒါမျိုးလေးတွေက စပြီး အရင်ရက်ကဆိုရင် မီးဖွားလူနာတယောက်တုတ်တုတ်နဲ့လာပြီး အဲဒီနေရာကျတော့ တုတ်တုတ်ကို ဟိုဘက် လူအား ထမ်းတွန်းတင်၊တွန်းတင်ပြီးတော့မှ တစ်ခါ မီးဖွားလူနာကို တုတ်တုတ်ပေါ် ပြန်ရွှေ့အချိန်နဲ့ တပြေးညီမရောက်ဘဲနဲ့ အချိန်တွေ ကြန့်ကြာပြီးတော့ ဒုက္ခသုက္ခတွေ အကုန်လုံးဖြစ်ကုန်တာပေါ့ဗျာ။ ဒါ ပြည်သူလူထုကို ဒုက္ခပေးသွားတာ၊ ကျန်တဲ့ဟာက ဘယ်လိုရည်ရွယ်ချက်လဲတော့ မသိဘူး။လောလောဆယ် ဒုက္ခရောက်နေတာကတော့ ပြည်သူလူထုပေါ့ဗျာ"

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေ ပဲခူးရိုးမမှာ ခြေကုတ်ယူပြီး မြို့ပေါ်တက် တိုက်ခိုက်တာကို ကာကွယ်ဖို့ ဒီလမ်းတွေကို ဖြတ်တောက်ထားတာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။

"သူတို့ ရည်ရွယ်တာကတော့ ကျွန်တော်တို့ PDF တွေ အဝင်အထွက်လုပ်မှာစိုးလို့၊ ဖြတ်သန်းသွားလာမှာစိုးလို့ ရည်ရွယ်တာ။ ဒါပေမဲ့ တကယ်ထိခိုက်တော့ နေ့စဉ်နဲ့အမျှ ပြည်သူတွေပဲ ထိခိုက်တာ။ စစ်ရေးကတော့ သူတို့က စစ်ပြင်ထားတယ်ပေါ့"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်က အုတ်ဖိုမြို့ပေါ်မှာရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ကာကွယ်ရေးအဖွဲ့တွေက မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့ (ရန်ကုန် - မန္တလေးလမ်း) အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပဲခူးတိုင်း ပဲခူးမြို့ (ရန်ကုန် - မန္တလေးလမ်း) အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ရေး ပဋိပက္ခပြင်းထန်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းကနေ ပဲခူးရိုးမကိုဖြတ်ပြီး အနောက်ခြမ်းအထိ တိုက်ပွဲတွေ ပျံ့နှံ့လာမှာကိုတားဆီးဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ဒီလမ်းတွေကို စစ်ကောင်စီရဲ့ ဘယ်တပ်ရင်းတပ်ဖွဲ့တွေက ဖျက်ဆီးတယ်ဆိုတာကို ဒေသခံတွေဘက်က အတိအကျ မပြောနိုင်သလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လမ်းပိုင်းတွေ ဖျက်ဆီးခံထားရတဲ့ အခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

၂၀၂၀ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ အုတ်ဖိုမြို့နယ်မှာ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၂၅၄ ရွာရှိတယ်လို့ ဖော်ပြထားပါတယ်။

အုတ်ဖိုမြို့နယ်က ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးမြို့နယ် အပါအဝင် မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်တွေနဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။