ဖမ်းဆီးခံ လူ ၆၀၀ ကျော်ကို အကြမ်းဖက်သမားတွေလို့ စစ်ကောင်စီစွပ်စွဲ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.06.22

အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်တဲ့ အရပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ အာဏာသိမ်းစစ် ကောင်စီက ဇွန် ၁၀ ရက်နေ့မှာ စစ်တပ်ပိုင် မြဝတီသတင်းစာကနေ ထုတ်ပြန်ခဲ့သလို ဇွန်လ(၁၂)ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း ဖမ်းဆီးထားသူအချို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပရိုဂျက် တာနဲ့ပါ ထုတ်ဖော်ပြသခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မီးရှို့သူ ၄၉ ယောက်၊ လူသတ်သူ ၆၁ ယောက်၊ တ ရားမဝင် လက်နက်ကိုင်ဆောင်သူ ၂၅၆ ယောက်နဲ့ ဖောက်ခွဲရေးသမား ၂၇၂ ယောက် စုစုပေါင်း ၆၃၈ ယောက် နဲ့အတူ လက်နက်ငယ် ၅၀၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ လက်လုပ်သေနတ် ၉၀၀ ကျော်၊ လက်လုပ်မိုင်းနဲ့ လက် လုပ်ဗုံး ၆၀၀၀ နီးပါးကိုပါ သိမ်းဆည်းရမိတယ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိတဲ့သူတိုင်းကို အကြမ်းဖက်သမားဆိုပြီး စွပ်စွဲနေတာ လူငယ်တွေအတွက် နစ်နာတယ်လို့ မေလဆန်း လောက်က အင်းစိန်မြို့သပိတ်မှာ အဖမ်းခံခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။

“မခံချင်စိတ်နဲ့တော်လှန်ကြတဲ့အပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကတချို့က လက်နက်မပါ တဲ့သူတွေ အများကြီးရှိပါတယ်၊ ဒီအပေါ်မှာမဟုတ်ဘဲနဲ့ စွပ်စွဲခံရတယ်ဆိုရင်တော့ ဒီကလေးတွေအတွက် အများကြီးနစ်နာပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာလည်း အများကြီးရှိတယ်လေ သူတို့ရဲ့ဘဝမှာ ဆက်ပြီးတော့ အလုပ်လုပ်ရမယ့်ဟာတွေရှိတယ်၊ သူတို့အညွန့်ကိုချိုးလိုက်သလိုမျိုး ဒါကြီးကကျတော့၊ တကယ်လည်း စိတ်မကောင်းပါဘူး အခုလက်ရှိဖြစ်နေတဲ့အပေါ်မှာ၊ စိုးရိမ်တာပေါ့ဗျာ ကိုယ့်သားသမီးပဲ၊ မဟုတ်ဘဲနဲ့ ဒါမျိုးစွပ်စွဲခံရတာတော့ အဆင်မပြေဘူးလေ၊ ဖမ်းမိတဲ့သူတိုင်းကို သူတို့က အကြမ်းဖက်သမား ကြီးပဲ စွပ်စွဲနေတော့ ဘယ်လို လုပ်ကြမလဲ။”

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာလည်း နေအိမ်ထဲဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ယောက်ဆိုရင် သူ့အိမ်မှာ လက်ပစ်ဗုံးသုံးလုံး မိတယ်ဆိုပြီး မြဝတီသတင်းဌာနကနေ လိမ်ညာထုတ်လွှင့်ခဲ့ပေမယ့် ဘာလက် နက်မှမပါဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်ယ်ဒေသခံ လူငယ်အဖွဲ့ဝင် တစ်ယောက်က ပြော ပါတယ်။

"ဖမ်းမိတဲ့သူတိုင်းကို သူတို့က အကြမ်းဖက်သမားကြီးပဲ စွပ်စွဲနေတော့ ဘယ်လိုလုပ်ကြမလဲ။"

အလားတူ မူဆယ်မြို့မှာပဲ မော်တော်ဆိုင်ကယ်တွေနဲ့ ဆန္ဒပြချိန်ဖမ်းမိတဲ့ အသက်မပြည့်တဲ့ လူငယ်တစ် ယောက်ကိုလည်း လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ စွပ်စွဲခံထားရတယ်လို့ အဖမ်းခံလူငယ်ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။

“မြဝတီမှာကြေညာတော့ လက်နက်တွေအများကြီးပဲ၊ မူဆယ်မှာ သူတို့ပထမဆုံးပဲ၊ ဖမ်းမိတဲ့သူတွေထဲမှာ သူတို့ကို ဒါဦးဆောင်ပြီး လုပ်နေပါတယ်ပေါ့နော်၊ ဒီအသက်မပြည့်တဲ့ကလေးတစ်ယောက်ပေါ့၊ သူ့သူငယ် ချင်း တစ်ယောက်ကလည်း သူ့ထက်တစ်နှစ် နှစ်နှစ်လောက်ပဲကြီးမယ် အသက်ပြည့်ပြီဆိုရင်တောင်၊ အဲဒီ နှစ်ယောက်ကို သေနတ်တွေအများကြီးနဲ့ စီပြီးတော့မှာ ဓာတ်ပုံတွဲရိုက်ထားတယ်ပေါ့၊ ဒီကလေး နှစ်ယောက်က ဆိုင်ကယ်နဲ့ပဲသွားတာ သပိတ်ထဲဝင်ပြတာဖြစ်တယ်၊ သူတို့လက်နက်တွေကို နေရာတကာ တကားကားနဲ့ သယ်သွားမှာလည်း မဟုတ်ဘူးပေါ့နော်၊ ဆိုတော့ သူတို့မိတယ်ဆိုတဲ့ဟာတွေကလည်း အလိမ်အညာမှန်း အကုန်လုံးက သိသာတယ်ပေါ့နော်။”

မိသားစုဝင်တွေအနေနဲ့လည်း စစ်ကောင်စီပိုင် မြဝတီကနေ မဟုတ်မမှန်လုပ်ကြံပြီး ထုတ်လွှင့်ခဲ့တာတွေအပေါ် လုံးဝမထောက်ခံဘူးလို့ သူကဆက်ပြောပါတယ်။

မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးချိန် တူမီး သေနတ်နဲ့ ပြန်လည်ခုခံရင်းအဖမ်းခံခဲ့ရတဲ့ ဗကသကျောင်းသားတွေနဲ့ ဒေသခံတွေကို စစ်ကောင်စီဘက်က အမ် ၁၆ သေနတ်တွေနဲ့ပါ ဖမ်းမိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အဲဒီအထဲမှာပါဝင်တဲ့ မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင် ကိုစိုးရာဇာထွန်းလွင်ရဲ့ ဇနီးဖြစ်သူကတော့ သူ့အနေနဲ့ သေချာမမြင်ခဲ့ရလို့ အတိအကျမသိကြောင်းနဲ့ အမြန်ဆုံး ပြန်လွတ်လာဖို့ပဲ ဆုတောင်းပေးနေတယ်လို့ RFA ကို ပြောပါတယ်။

“ညီမကဘာမှမသိဘူး၊ သူတို့မိသွားတယ်ဆိုတာပဲသိတာ၊ သူနဲ့ကိုယ်နဲ့ကလည်း တစ်ယောက်တစ်နေရာစီ ဆိုတော့ ဘာမှမသိဘူး၊ သူတို့မိသွားတယ် ဘယ်လိုမိသွားတယ်ဆိုတာလည်းမသိဘူး၊ သူတို့မိပြီး ညနေ လောက်မှ ညီမကသိတာ၊ လူချင်းကလည်း မတွေ့ရဘူးဆိုတော့ ဘာမှအခုအချိန်က တိတိကျကျပြောလို့ မရဘူး၊ ဖြစ်သွားမှတော့ ဘာမှပြောစရာတော့မရှိပါဘူး၊ အခုအချိန်ကတော့ သူကျန်းမာရေးကောင်းကောင်း နဲ့ အမြန်ဆုံးပြန်လွတ်လာဖို့ပဲ အဲဒါတစ်ခုပဲ မျှော်လင့်တော့တာ။”

ကိုစိုးရာဇာထွန်းလွင်ကို လက်ရှိ မြင်းခြံထောင်မှာ စစ်ဆေးနေတယ်ဆိုတာသာ သိရပြီး အသက်ရှင်နေသေးတဲ့ အတွက် ကျန်းမာရေးကောင်းကောင်းနဲ့ အမြန်ဆုံးပြန်လွတ်လာမယ်လို့ ယုံကြည်တယ်လို့ ဇနီးဖြစ်သူက ဆို ပါတယ်။

ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည်ခုခံနေတာဖြစ်ပြီး၊ စစ်ကောင်စီကတော့ လူတိုင်းကို တွေ့ကရာပုဒ်မကောက်တပ်ဖို့ ဝန်လေးမှာမဟုတ်ဘူးလို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင် က ပြောပါတယ်။

“သူတို့အနေနဲ့က ဒီအခြေအနေမျိုးမှာ ဘယ်သူ့ကိုမဆို ပုဒ်မကတပ်ဖို့က ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဝန်လေးမှာမဟုတ်ဘူးလို့ ကျွန်တော်ကမြင်တယ်၊ ပြီးတော့ တချို့ကိစ္စတွေဆိုရင် ခေါင်းပုံချချင်တဲ့ကိစ္စ မျိုးတွေ ရှိလာနိုင်တယ်ဗျာ၊ ဥပမာ နေရာတစ်ခုမှာ ပေါက်ကွဲမှုဖြစ်သွားတယ်ဗျာ အဲဒါကို ဘယ်သူမှန်း သူတို့မသိဘူး ဒါပေမဲ့ နီးစပ်ရာကိုသူတို့ဖမ်းပြီး အဲဒါကိုကောက်တပ်လိုက်တာမျိုး၊ လုပ်တဲ့သူကို ဖမ်းနိုင် ပါတယ်ဆိုကိုပြချင်တာတပိုင်း၊ ပြီးတော့ နိုင်ငံတကာကိုလည်း ပြည်သူလူထုဟာ သူတို့ကိုတုံ့ပြန်တဲ့အခါမှာ ဒီလိုအကြမ်းဖက်မှုတွေ ပုံစံမျိုးနဲ့ သူတို့ကိုတုံ့ပြန်ပါတယ်၊ ဒီလူတွေဟာ ဆန္ဒပြတဲ့သူတွေမဟုတ်ဘူး အကြမ်းဖက်တဲ့သူတွေသာ ဖြစ်တယ်ဆိုတဲ့ဟာကို သူတို့သက်သေပြချင်တဲ့သဘောနဲ့ လုပ်တယ်လို့ ကျွန်တော်မြင်တယ်၊ တကယ်တမ်းကျတော့ ကျွန်တော်တို့ပြည်သူတွေက သူတို့ပြောသလိုမဟုတ်ဘူး၊ တကယ်လို့ ကျွန်တော်တို့ လုပ်ခဲ့တယ်ဆိုရင်တောင်မှ အဲဒါဟာာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ခုခံကာကွယ် ပိုင်ခွင့်အနေနဲ့ သူတို့ကို တုံ့ပြန်ခြင်းသာဖြစ်တယ်၊ ကျွန်တော်တို့ အကြမ်းဖက်ခြင်းမဟုတ်ဘူးလို့ ကျွန်တော် ကတော့မြင်တယ်။”

ဧရာဝတီတိုင်း ကျုံပျော်မြို့မှာဆိုရင် စစ်ကောင်စီကပစ်ခတ်ပြီး စတင်အကြမ်းဖက်တာကြောင့် ဒေသခံ ပြည်သူတွေက ဘယ်လိုလက်နက်မှမပါဘဲ၊ လေးခွလောက်နဲ့သာ ပြန်လည်ခုခံခဲ့ရတာဖြစ်တယ်လို့ ကိုဇေယျာလွင် က ဆိုပါတယ်။

police-arrest.jpg
(စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတွေကို တွေ့ရစဥ်) AFP Photo

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ လက်ရှိဖမ်းဆီးထားသူတွေထဲက ၆၀၀ ကျော်ကို လက်နက် ခဲယမ်းတွေနဲ့ မိတယ်ဆိုပြီး အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲထားတဲ့အပြင်၊ ဖမ်းမိတဲ့ လူငယ်အချို့ကို KNU၊ KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်ခံကူညီပြီး စစ်သင်တန်းပေးနေတယ်လို့ ဇွန်လ ၁၂ ရက်နေ့ ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါ တယ်။

“ဒီဖြစ်စဉ်တွေဟာ ဖော်ထုတ်ပြီးဖြစ်စဉ်တွေထဲက နမူနာသာဖြစ်ပါတယ်၊ EAOs အဖွဲ့အချို့အနေနဲ့ ၎င်းတို့ သင်ကြားပေးလိုက်တဲ့ မိုင်းထောင်၊ မိုင်းခွဲသင်ခန်းစာတွေကိုသုံးပြီး စာသင်ကျောင်းတွေ အများပိုင် ပြည်သူ ပိုင် အဆောက်အအုံတွေကို ဖောက်ခွဲဖျတ်ဆီးနေကြတယ်ဆိုတာ သိရှိဖို့လိုပါတယ်၊ EAOs အဖွဲ့အားလုံး မဟုတ်ဘဲ အဖွဲ့ချို့ထဲကမှ တပ်မဟာ (သို့မဟုတ်) တပ်ရင်းအဆင့်အချို့ဟာ ဒီအကြမ်းဖက်အားပေးတဲ့ လုပ်ရပ်တွေကို လုပ်နေကြကြောင်း ကျွန်တော်တို့အသိပေးလိုပါတယ်။”

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF) တို့က အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကျူးလွန်နေသလို တခြားသူတွေ ကျူးလွန်လာအောင်လည်း သွေးထိုးလှုံ့ဆော်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

လူငယ်တွေဟာ အကြမ်းဖက်နေတာမဟုတ်ဘဲ ပြည်သူတွေအကာအကွယ်မဲ့ဖြစ်နေတာကြောင့် အကြမ်းဖက် စစ်ကောင်စီကို ခုခံကာကွယ်တာသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA ကို ပြောပါတယ်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် မြန်မာပြည်သူတွေဟာ အကာအကွယ်မဲ့နေတယ် ဆိုတာ ထင်ရှားတယ်ဗျာ၊ နိုင်ငံတကာကလည်း လက်တွေ့မှာ စစ်ကောင်စီရဲ့ ကြမ်းကြုတ်မှုကို ဟန့်တား ပေးနိုင်တာမျိုးမရှိဘူး၊ အဲတော့ မြန်မာပြည်သူတွေအနေနဲ့ ဆုံးဖြတ်စရာ ရွေးချယ်စရာက တစ်လမ်းပဲရှိ တယ်၊ အဲဒါကတော့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရဖို့ပဲ၊ ပြောရမယ်ဆိုရင် အခုပြည်သူတွေအနေနဲ့ စစ် ကောင်စီပြုသမျှ လည်စင်းမခံတော့ဘဲနဲ့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်တဲ့ အခွင့်အရေးကို သုံးပြီးတော့မှ ဒါကိုတုံ့ပြန်ဆောင်ရွက်နေတယ်လို့ပဲ ကျွန်တော်တို့ပြောရမှာပါ၊ ရက်ရက်စက်စက်နည်းလမ်းတွေနဲ့ ပြည်သူကိုနှိပ်ကွပ်နေတဲ့ အကြမ်းဖက်နေတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့တုံ့ပြန် ဆောင်ရွက်မှုတွေကိုပြုဖို့ကလွဲလို့ တခြားလမ်းမရှိပါဘူး၊ ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုရမယ့်ကိစ္စလို့ ဒီလိုပဲနားလည်ပါတယ်။”

ပြီးခဲ့တဲ့ငါးနှစ်လုံးလုံး NLD အစိုးရအနေနဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်လမ်းကြောင်းတစ်ခုကိုပဲ ရွေးချယ်ရအောင် အာဏာသိမ်းစစ်ကောင်စီက တွန်းပို့ခဲ့တာလို့လည်း ဦးရည်မွန်က ပြောသွားပါတယ်။

နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဇွန်လ ၂၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖမ်းဆီးထားသူ ၅၀၄၅ ယောက်အထိရှိနေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်း ဖက်ပစ်ခတ်မှုတွေ အပါအဝင် စစ်ကြောရေးစခန်းတွေမှာ သေဆုံးသူ စုစုပေါင်း ၈၇၃ ယောက်အထိ ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ စာရင်းမှာတော့ သေဆုံးသူ ၃၀၀ ဝန်းကျင်သာရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အခြေစိုက် Phoenix သတင်းဋ္ဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းက တဆင့် မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

M Peace Sprit
2021-06-22 08:32

မတရားသဖြင့် လက်နက်အားကိုနဲ့ အနိုင်ကျင့်သူကိုသာ "အကြမ်းဖက်သမား/များ" လို့ ခေါ်ဆိုနိုင်ပါတယ်။ ဉပမာ= "အကြမ်းဖက်သမား စစ်ကောင်စီအုပ်စု" အကြောင်းမှာ ပြည်တွင်းပြည်ပရှိ ပြည်လူထုကမထောက်ခံ Constitution Mandate Legitimacy and Election Votes တို့ကို မလေးစား မလိုက်နာသောကြောင့် ဖြစ်ပါသည်။ အာဏာကို မတရားရယူခြင်း မတရား အနိုင်ကျင့် ဖမ်းဆီ နှိပ်စက် သတ်ဖြတ်ခံရမူတွေကို မခံမရပ်နိုင်တော့လို့ တရားသဖြင့် ပြန်လည်ခုခံ တော်လှန်တိုက်ခိုက်သူကို "တော်လှန်ရေးသမား/မျာ" ဟု့ခေါ်ပါသည်။ အကြောင်းမူ တော်လှန်ရေးသမားများကို ပြည်တွင်းပြည်ပရှိ ပြည်သူအများက လေးစားကြည်ညိုထောက်ခံသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးသမား/များကို "အကြမ်းဖက်သမား/များ" ဟု့ ခေါ်ဝေါ်သုံးစွဲးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါသည်။