မြန်မာ့အရေး ထိုင်းလွှတ်တော် အကြံပြုချက် သုံးသပ်သူတွေကြိုဆို

မြန်မာ့အရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့၊ အရေးပေါ် အစီအစဉ်ချမှတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးဖို့နဲ့ ထိုင်းကိုယ်စားလှယ်၊ အာဆီယံဥက္ကဋ္ဌ၊ တရုတ်နဲ့ အိန္ဒိယ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းလွှတ်တော်မှာ ထိုင်းအတိုက်အခံပါတီ Move Forward က ဦးဆောင်ပြီး မတ်လ ၂ ရက်ကနေ ၃ ရက်နေ့အထိ မြန်မာအတိုက်အခံတွေပါဝင်တဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကျင်းပပြီးနောက်မှာ အဲဒီလို တိုက်တွန်းလိုက်တာဖြစ်ကြောင်း မတ်လ ၁၈ ရက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

"ထိုင်းအစိုးရကို တိုက်တွန်းတယ်ဆိုတဲ့ကိစ္စ ဒါတွေကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်ဗျ"

မြန်မာ့အရေးကို အိမ်နီးချင်းနိုင်ငံတွေ ပါဝင်ဖြေရှင်းတာဟာ လက်တွေ့ကျတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ဒီမြန်မာ့အရေးတွေမှာ ခြေကုပ်ရယူတာပဲဖြစ်ဖြစ်၊ ဒုက္ခသည်အရေးပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်းလုပ်သား အရေးပဲဖြစ်ဖြစ်၊ နယ်စပ်ဖြတ်ကျော်သွားလာနေတဲ့ ကိစ္စတွေမှာဆိုရင် အဲဒီနိုင်ငံတွေက အရင်ဆုံး၊ အများဆုံး လက်ခံပေးရတဲ့နိုင်ငံတွေ အဲလိုမျိုးတွေဖြစ်နေတယ်။ ဒီလိုမျိုးဟာမှာ ဒီနိုင်ငံတွေရဲ့ ပါဝင်မှု၊ လက်ခံမှု၊ လက်မခံမှု အဲဟာတွေကို ထည့်သွင်းစဉ်းစားပြီးတော့ အဖြေရှာမယ်ဆိုတဲ့ဟာ ဒါလက်တွေ့ဆန်တဲ့ တိုက်တွန်းမှုဖြစ်တယ်။ တကယ်အဖြေရှာနိုင်ရင်လည်း လက်တွေ့ဆန်တဲ့၊ တကယ်ဖြေရှင်းလို့ရနိုင်တဲ့ အဖြေမျိုး ထွက်လာနိုင်တယ်လို့ ယူဆလို့ရတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ မြန်မာ့အရေးကို အာဆီယံအပြင် အိမ်နီးချင်းနိုင်ငံတွေကပါ ပါဝင်ဆောင်ရွက်သွားမယ်ဆိုရင် ပိုပြီးမျှခြေဆန်လာလိမ့်မယ်လို့ ပြောပါတယ်။

“ဘာပဲပြောပြော အာဆီယံတစ်ခုတည်းထက်စာရင် တရုတ်ကလုပ်နေတဲ့ မြောက်ပိုင်းမှာလုပ်တာထက်စာရင် ထိုင်းလည်းပါမယ်၊ အိန္ဒိယလည်းပါမယ်၊ တရုတ်လည်းပါမယ်၊ အာဆီယံလည်းပါမယ်ဆိုတာကတော့ ပိုပြီးတော့ မျှခြေသဘောကို ဆောင်လိမ့်မယ်လို့ ကျွန်တော်က အဲလိုယူဆတယ်။ ပိုပြီးတော့ လက်တွေ့ကျမယ်”

မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်ဆောင်ရွက်တာက ကောင်းတဲ့လက္ခဏာဖြစ်တာကြောင့် တရုတ်နိုင်ငံကလည်း လက်ခံလိမ့်မယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ကောင်းပါတယ်။ ဒီလိုဝိုင်းပြီးတော့ ပြောကြဆိုကြတာ ကောင်းပါတယ်။ အဲတော့ သံခင်းတမန်ခင်းအနေနဲ့က အိမ်နီးနားချင်းနိုင်ငံတွေကရော ဝင်ပါလာတာဟာလည်း သံခင်းတမန်ခင်းအရ ဖိအားပေးသလိုဖြစ်တာပေ့ါ။ ဒါကြောင့်မို့လို့ ကောင်းပါတယ်။ တရုတ်ကတော့ လက်ခံမှာပဲ"

ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဖွေ့ထိုင်းပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် နိုပါဒွန်ပထမ (Noppadon Pattama) ကလည်း ဒီအကြံပြုချက်တွေကို ထိုင်းအစိုးရက လက်ခံပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ထိုင်းအစိုးရဟာ မြန်မာ့အရေးကို နောက်ကွယ်ကနေ ပံ့ပိုးကူညီမယ့်အစား ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ သူက ဆိုပါတယ်။ အခုထိုင်းလွှတ်တော် နိုင်ငံခြားရေးရာကော်မတီက တိုက်တွန်းလိုက်တဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကြုံပြုချက် လေးချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေနဲ့လည်း သဟဇာတဖြစ်တယ်လို့ သူက ပြောပါတယ်။

ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ The Reporters)
ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ The Reporters)

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအားလုံး မြန်မာ့အရေးကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ထိုင်းနိုင်ငံမှ မဟုတ်ဘူး၊ ဒီနယ်စပ်ချင်းထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့တော့ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပေ့ါနော်၊ တိုင်ပင်ဆွေးနွေးသင့်တဲ့ အနေအထားဖြစ်ပါတယ်။ ထိုင်းအစိုးရကို တိုက်တွန်းတယ်ဆိုတဲ့ကိစ္စ ဒါတွေကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်ဗျ”

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတချို့ ပါဝင်တဲ့ Track 1.5 လို့ အမည်ပေးထားတဲ့ အစည်းအဝေးတွေကို ၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလထဲမှာ ကျင်းပပြီး စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကိုပါ ဖိတ်ခေါ်ဆွေးနွေးခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲတွေကို ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာသတင်းတွေက အဲဒီအချိန်က ရေးသားဖော်ပြခဲ့ပါတယ်။