စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ပြန်ပို့ဖို့ ထိုင်းစစ်တပ် စီစဉ်

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြား ထိုင်းကိုထွက်ပြေးလာတဲ့ စစ်အရာရှိနှစ်ဦး အပါအဝင် ၄၈ ဦးကို ထိုင်းစစ်တပ်က ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ကြောင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"ဒီဘက်က Immigration (လူဝင်မှုကြီးကြပ်ရေးဌာန) က ဟိုဘက်ကမ်းက Immigration နဲ့ သွားတွေ့တယ်၊ ဒီ တစ်ရက် နှစ်ရက်နေ့အတွင်းမှာပဲ အမှတ် ၂ တံတားက ပို့မယ်၊ မယ်တောင် ရပ်ကွက်ထဲက စစ်တပ်ထဲမှာလို့ ပြောတယ်၊ အခု ဒီဘက်က Immigration ဟိုဘက်ကိုသွားတယ်နော်၊ Register ပြီးတာနဲ့ နှစ်ရက်အတောအတွင်းရွှေ့မယ်"

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း- မြန်မာ နယ်စပ်အနီးက မဲသရောထ စစ်စခန်းကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ မတ် ၁၉ ရက်မှာ တိုက်ခိုက်လို့ ထိုင်းနိုင်ငံ ပိုင်ကလန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာခဲ့ကြတာပါ။ ထွက်ပြေးလာသူတွေထဲ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ တပ်ရင်းက ဗိုလ်မှူး ကျော်သူသူအောင်နဲ့ ဗိုလ်ကြီး ချမ်းသာဖြိုး တို့ပါဝင်တယ်လို့ KNLA မဟာမိတ် ပူပေါင်းအဖွဲ့က ပြောပါတယ်။ ဒီပူးပေါင်းအဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

KNLA ပူးပေါင်းတပ်ဖွဲ့နဲ့အတူ တောင်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ SOF လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ SOF တာဝန်ရှိသူ ရဲဘော် အောင်စံရှား က ပြောပါတယ်။

"စခန်းကုန်းက ကျွန်တော်တို့ မနက်၁၀ နာရီလောက်မှာ စတိုက်တာပေါ့နော်၊ စတိုက်ပြီးတော့ ညနေ ၄ နာရီ၊ ၄ နာရီ၁၅ လောက်မှာ ကျွန်တော်တို့ စခန်းကုန်းကို ရတာပေါ့၊ သူတို့ကတော့ စခန်းစွန့်ခွာပြီး ထွက်ပြေးတာတော့ ကျွန်တော်တို့ သိရသလောက်တော့ နေ့ခင်း ၁၂ နာရီခွဲ ကတည်းက ထိုင်းဘက်ခြမ်းကို ရောက်သွားတာပေါ့၊ နောက်ပြီးတော့ အဲဒီစခန်းကုန်းမှာလဲ ကျွန်တော်တို့မနေပါဘူး၊ ဒါပေမဲ့ အဲဒီနယ်စပ်တစ်လျှောက်ကတော့ KNLA ကနေပြီးတော့ နယ်မြေစိုးမိုးရေး၊ KNLA နဲ့ ဒီပူးပေါင်းတပ်တွေက စိုးမိုးရေး၊ လုံခြုံရေး ယူထားတာပေါ့နော်"

နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ အနန်းကွင်း၊ ခလယ်တံခွန်တိုင်ကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြာအင်းဆိပ်ကြီး ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

"၁၅ ရက်နေ့က လေယာဉ်နဲ့ ဗုံးလာကြဲတယ်လေ၊ ဗုံးလာကြဲချတာ ဂျက်နဲ့၊ အဲဒီဗုံးကြဲတာ ပြီးတော့ ဝှေ့ရှမ်းဘုန်းကြီးကျောင်းလဲ ထိတယ်ကြားတယ်၊ ဝှေ့ရှမ်းဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ဆွမ်းစားဆောင် အဲဒီလေယာဉ်ဗုံးကြဲလို့ ထိတာ၊ ပျက်စီးတယ်လို့ ကြားတယ်၊ နောက်ကျတော့ ဒီ ၂ နာရီလောက်လဲကျရော ဒီ တံခွန်တိုင်ဘက်ကနေပြီးတော့မှ လက်နက်ကြီးတွေပစ်တာ၊ ပစ်သံတွေတော့ ကြားတယ်ပေါ့၊ အဲဒီတံခွန်တိုင်ဘက်မှာ"

၂ဝ၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာကြသော စစ်ကောင်စီတပ်သားတချို့အား တွေ့ရစဉ်။ (Photo : Citizen Journalist)
၂ဝ၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာကြသော စစ်ကောင်စီတပ်သားတချို့အား တွေ့ရစဉ်။ (Photo : Citizen Journalist)

ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်တို့ကို ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

အဲဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့လည်း SOF တာဝန်ရှိသူ ရဲဘော် အောင်စံရှားက ပြောပါတယ်။

"ကျွန်တော်တို့သိတာကတော့ အဲဒီထိုင်းဘက်ခြမ်းကို ထွက်ပြေးနေတဲ့ ရဲဘော်တွေမှာလဲ လက်နက်အချို့ပါတယ်၊ ပါလိမ့်မယ်၊ ဥပမာ အကုန်တော့ မဟုတ်ဘူးပေါ့နော်၊ ၁၀ လက်၊ ၁၅ လက်လောက်တော့ ပါလိမ့်မယ်၊ အဲဒါကြောင့်လဲ ထိုင်းစစ်တပ်က ကျွန်တော်မြင်တာ လက်နက်တွေသိမ်းပြီးတော့ သူတို့ကို ဝမ်းလျားမှောက်ခိုင်းပြီးတော့ ထိန်းချုပ်တဲ့ သဘောပေါ့နော်၊ အဲလိုမျိုး ပုံတွေ ထွက်လာတယ်၊ နောက်ကျန်တာကတော့ စခန်းကုန်းမှာ သူတို့ကို သယ်ဆောင်မသွားနိုင်ဘဲ ကျန်ခဲ့တဲ့ ဟာတွေ နောက်ပြီးတော့ သူတို့ ဒီလက်နက်တိုက်ထဲမှာ ထားထားတဲ့ ဟာတွေပေါ့၊ သိမ်းဆည်းရမိတာ အများစုကတော့ နောက် တော်လှန်ရေးရဲဘော်တွေက ထိခိုက်တာ၊ ကျဆုံးတာမရှိပါဘူး"

လတ်တလောမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း- မြန်မာနယ်စပ် ပိုင်ကလန်ဒေသအတွင်းရှိ ဖုချိမု စစ်စခန်း၊ အဇင်းကျေးရွာ စစ်စခန်း၊ ခလယ်တံခွန်တိုင်စစ်စခန်းတွေကို စစ်ကူနဲ့ ရိက္ခာ မထောက်ပံ့နိုင်အောင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။