အစွန်းရောက်ဘာသာကြီးလို့ သုံးစွဲခဲ့တဲ့အကြောင်း သာသနာရေးဝန်ကြီး ရှင်းလင်း

0:00 / 0:00

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးလို့ သူသုံးစွဲခဲ့တာဟာ ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို နစ်နာစေလိုတာ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ရည်ရွယ်ပြောခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြန်လည်ရှင်းလင်းချက်အပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ မဝေမာထွန်းတို့ စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

အစွန်းရောက်ဘာသာကြီးလို့ သုံးစွဲခဲ့တဲ့အကြောင်း သာသနာရေးဝန်ကြီး ရှင်းလင်း

(ကျော်ထွန်းနိုင်၊ ဝေမာထွန်း)

■ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနအခမ်းအနားမှာ ဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်ကြီးတွေကို တစ်လင်တစ်မယားမနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သင့်တော်တဲ့အချိန်မှာ ပြန်လည်ပြင် ဆင်ဖို့ လျှောက်ထားခဲ့တာရှိပါတယ်။

အဲဒီလိုလျှောက်ထားရာမှာ အစွန်းရောက်ဘာသာကြီး တစ်ခုက ဇနီး ၃၊ ၄ ယောက်ယူပြီး သားသမီး ၂၀ လောက်မွေးနေတာကြောင့် လာမယ့် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ ကြာမြင့်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဟာ လူနည်းစုဖြစ်သွားနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် မြန်မာ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေမှာရှိနေတဲ့ အစ္စလာမ် ဘာသာဝင်တွေ နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burmese Muslim Association က ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုခဲ့သလို ပြည်တွင်းက ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ကလည်း ကန့်ကွက်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က နေပြည်တော်က MICC 2 မှာလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ် ပွဲကို တက်ရောက်လာတဲ့ ဝန်ကြီး သူရဦးအောင်ကိုကို သတင်းသမားတွေက အစွန်းရောက်ဘာသာလို့ သုံးစွဲခဲ့မှု အပေါ် မေးခွန်းထုတ်ခဲ့ရမှာ ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"တခြားဘာသာကြီးတစ်ခုဆိုတာ ဘင်္ဂါလီကို ရည်စူးတာပါ၊ ဘင်္ဂါလီလူငယ်လေးတွေကိုလည်း သူုတို့က ရခိုင်ကို ချီတက်ကြမယ်၊ မြန်မာနိုင်ငံကိုချီ တက်ကြမယ်၊ အဲဒီအတွက် ပြည့်ကျပ်နေတဲ့ ဘင်္ဂါလီတွေဟာ သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်က မြန်မာနိုင်ငံကို ချီတက်ကြမယ်ဖြစ်တော့ အဲဒါကို ရည်စူးပြီးပြောတာပါ"

လက်ရှိအချိန်ဟာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက ဖိအားတွေပေးမှုတွေ မြင့်တက်နေတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ အစိုးရခေါင်းဆောင်ပိုင်းတွေရဲ့ ပြောစကားတွေဟာ ငြိမ်းချမ်းမှုပျက်ပြားစေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်တဲ့ စကားမျိုးတွေမဖြစ်အောင် သတိထားပြောဆိုရမယ့် အချိန်ဖြစ်တယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။

နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းကတော့ ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောစကားကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ထပ်မံမြင့်တက်လာမှာကို စိုးရိမ်မိကြောင်း ပြောပါတယ်။

"အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေမြင့်တက်နေတဲ့ အချိန်မျိုးမှာ အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အစိုးရပိုင်း ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောမှားဆိုမှားတွေရှိမယ်ဆိုရင် ဒါဟာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်တာမျိုးတွေရှိပါတယ်၊ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒါတွေကို လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အဲဒီလိုအသုံးအနှုန်းမျိုးတွေကို သတိကြီးကြီးထားဖို့ လိုအပ်တယ်လို့မြင်ပါတယ်"

ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောဆိုချက်တွေဟာ အမုန်းတရားပြန့်ပွားအောင် လုပ်ဆောင်ချက်တွေလို့ ဝေဖန် သုံးသပ်သူတွေရှိသလို လက်ရှိ NLD အစိုးရအပေါ် အကျပ်အတည်းဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

NLD ပါတီဝင် တရားလွှတ်တော်ရှေ့နေ မိတ္ထီလာ ဦးအောင်သိန်းက သာသနာရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ဘာသာပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေတဲ့ အသုံးအနှုန်းဖြစ်တဲ့အပြင် နိုင်ငံတကာဖိအားတွေပါ ရိုက်ခတ်လာနိုင်တာကြောင့် ဝန်ကြီးတာဝန်ကနေ ဖယ်ရှားသင့်တယ်လို့ RFA ကို ပြောပါတယ်။

"မနေ့ကထပ်ပြီးတော့ ပြောတဲ့စကားနာရင် မေတ္တာထပ်ပြီးတော့ လျော့မယ်ဆိုတာက ဒီမိုကရက်တစ် ဝန်ကြီး တစ်ယောက်၊ NLD ကခန့်ထားတဲ့ ဝန်ကြီးတစ်ယောက်က လုံးဝမပြောသင့်ဘူး၊ ပြောရင် ခွင့်လွှတ်လို့မရတဲ့ စကားတစ်ခုကို၊ အင်မတန်မှ ဆိုးဆိုးရွားရွား ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးရော၊ အနောက်ပိုင်းက ပုဂ္ဂိုလ်တွေ ပြန်လာရေးရော၊ ပြည်တွင်း ငြိမ်းချမ်းရေးရော၊ ကမ္ဘာကနေဝိုင်းပြီးတော့ ပြစ်တင်ရှုတ်ချနေတဲ့ အပိုင်းတွေပေါ်မှာ ခုခံကာကွယ်တဲ့နေရာမှာ အားလုံးကို ထိခိုက်သွားတယ်လို့ ပြတ်ပြတ်သားသား ပြောချင်တယ်၊ ဒီဝန်ကြီး အမြန်ဆုံး အနားပေးသင့်တယ်၊ NLD နဲ့ ဒေါ်စုရဲ့ အစိုးရ အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်နေသလားလို့ သံသဃဖြစ်တယ်"

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုချက်ကြောင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က အတည်ပြုပြဌာန်းခဲ့တဲ့ ဥပဒေကိုပြင်ဆင်ဖို့ လျှောက်ထားရာမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ ဆရာတော်၊ သံဃာတော်တွေအကြိုက် လိုက်ပြောရင်း စကားမှားသွားတာကြောင့် ဝန်ကြီးအနေနဲ့ တောင်းပန်ဖို့ လိုအပ်သလို သက်ဆိုင်သူတွေဘက်ကလည်း နားလည်ခွင့်လွှတ်ပေးဖို့ လိုတယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်ဦးအရိယဝံသာ ဘိဝံသက အခုလို မိန့်ကြားပါတယ်။

"ဒီလိုဝန်ကြီးတစ်ယောက်က စကားမှားလိုက်တဲ့ အခါကျတော့ တခြားဘာသာဝင်တွေအပေါ်မှာ သက်ရောက်မှု ရှိနေတာကို ဒီဟာကို မဟုတ်ဘူးဆိုတာကို တုံ့ပြန်ဖို့သင့်ပါတယ်၊ ဒါပေမဲ့ သိပ်ပြီးတော့ သည်းကြီးမဲကြီး တုံ့ပြန်ဖို့ မလိုဘူးလို့တော့ ထင်ပါတယ်၊ တကယ့်အစွန်းရောက်တွေ အလယ်မှာပြောရတာဆိုတော့ သူတို့အကြိုက်လေးလည်း နည်းနည်းထည့်ပြောရင်းကနေ စကားမှားတာ ဒီလိုသဘောမျိုးလည်းရှိတာပေါ့၊ ဘယ်နေရာမှာဖြစ်သလဲ၊ ဘယ်လို အခြေအနေမျိုးမှာဖြစ်သလဲ၊ မနောဆိုးပါသလား သဘောမျိုးနဲ့ ကြည့်ပြီးတော့ သည်းခံသင့်တာကိုလည်း တစ်ဖက်ကသည်းခံပေးရင်တော့ ကောင်းမယ်လို့ ဘုန်းကြီးထင်ပါတယ်"

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ရာမှာ ဘာသာရေးကို အခြေခံတဲ့လူမှုရေး ပဋိပက္ခမဖြစ်အောင်၊ အခြားဘာသာတွေကိုလည်း ပစ်ပယ်ဖို့မဟုတ်ကြောင်း အစွန်းရောက် ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာမဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။