မြန်မာနိုင်ငံမှာ မနေ့ညကအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့သူ အသစ်ထပ်မတွေ့တဲ့အတွက် လောလောဆယ်အထိ လူနာ ၁၈၂ ယောက်မှာတန့်နေပြီး၊ ပြန်ကောင်းလာတဲ့သူက ၉၅ ယောက် ရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံး သူကလဲ ခြောက်ယောက်မှာပဲ တန့်နေပါတယ်။
ကမ္ဘာတဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ သုံးသိန်း တစ်သောင်းကျော်သွားပြီး၊ ကူးစက်ခံရတဲ့သူ လေးသန်း ခုနှစ် သိန်းနီးပါးရှိသွားသလို၊ ပြန်ကောင်းတဲ့သူက တစ်သန်း ရှစ်သိန်းကျော်ရှိ နေတယ်လို့ Worldometer သတင်းမှာ ဖော်ပြပါတယ်။
ဥရောပမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်ပြီး ဖြစ်လာတဲ့ရောဂါသစ်ကြောင့် ကလေး ၂၃၀ ကူးစက် နေပြီး အဲဒီထဲမှာ ဗြိတိန်နဲ့ ပြင်သစ်က ကလေး နှစ် ယောက် သေဆုံးသွားတဲ့အတွက် အန္တရာယ်သစ် ကြုံနေရပြီလို့ ဆွီဒင်နိုင်ငံအခြေစိုက် ECDC ခေါ် ဥရောပ-ရောဂါကာကွယ်ရေးနဲ့ ထိမ်းချုပ်ရေးဗဟိုက ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ဟာ အသက်ကြီးတဲ့သူတွေနဲ့ နဂိုကျန်းမာရေးမကောင်း တဲ့သူတွေကို အန္တရာယ်ရှိတယ်ဆိုပေမယ့်၊ အခုတွေ့ရှိချက်က ကလေးတွေကိုလဲ အန္တရာယ်ရှိနေပြီလို့ ဥရောပ CDC အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးမှာ ဒီဗိုင်းရပ်စ်ပိုး ကူးခံထားရပြီဆိုရင်အဆိပ်သင့်သလိုဖြစ်တဲ့ လက္ခဏာပြသလို၊ Kawasaki ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ အပူဖုတွေပေါက်တာ၊ အာသီးရောင်တာ၊ ရင်ပူတာတွေဖြစ် တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပါးစပ်တဝိုက်နဲ့ လက်တွေ ခြေထောက်တွေမှာ အနီရောင်အဖုလေး တွေပေါ်လာတာ၊ လေပူထတာ၊ သွေးယိုတာ၊ သွေးပေါင်ကျတာကလဲ ဒီလက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးတွေမှာ ကိုရိုနာဗိုင်းရစ်ပိုးကူးနေပြီဆိုတာ စမ်းလို့မပေါ်ပေမယ့် ဒီလက္ခဏာတွေပြ လာရင်သတိထားပါလို့ WHO အဖွဲ့က သောကြာနေ့က သတိပေးလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့က စနေနေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဟိုက်ပန်းခြံမှာ အစိုးရရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ချက်ကို ဆန္ဒပြတဲ့အချိန်မှာ ဝန်ကြီးချုပ်ထုတ်ပြန်ထားတဲ့ တစ်ယောက် နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ အမိန့်ကိုချိုးဖောက်တဲ့အတွက် လူ ၁၉ ယောက်ကို ရဲကဖမ်း လိုက်ပါတယ်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်အများဆုံးခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပိုးကူးတဲ့သူ တစ်သန်းခွဲ ကျော်သွားပြီး သေဆုံးတဲ့သူ ရှစ်သောင်း ကိုးထောင်ကျော်ပြီ ဖြစ်ပါတယ်။ သမ္မတဒေါ်နယ်လ် ထရမ့်က တော့ အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ပတ်သက်လို့ တရုတ်ဘက်က ပါနေလို့ဆိုပြီး ဆိုင်းငံ့ထားခဲ့တဲ့ ကူညီငွေကို ပြန်ပေးဖို့စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ WHO အဖွဲ့ကို အမေရိကန်က အများဆုံးကူညီနေတာဖြစ်ပြီး နှစ်စဉ် ဒေါ်လာသန်း ၄၀၀ ထောက်ပံ့ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်တာ ဒုတိယအများဆုံးဖြစ်တဲ့ စပိန်နိုင်ငံမှာ နှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင်ကျော် ပိုးကူးခံရပြီး ရုရှားနိုင်ငံကလဲ နှစ်သိန်း ခုနှစ် သောင်း နှစ်ထောင်ကျော်နေတဲ့အတွက် စပိန်နဲ့ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ သေဆုံးတဲ့သူကတော့ စပိန်မှာ နှစ်သောင်း ခုနှစ်ထောင်ကျော်ပြီး ရုရှားမှာတော့ နှစ်ထောင့် ငါးရာကျော်ပဲရှိပါတယ်။
ပိုးစတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာပိုးကူးတဲ့အဆင့် ၁၃ နိုင်ငံမြောက်ကိုထိုးကျသွားပြီး လူနာ သစ် ရှစ်ယောက်ပဲ တွေ့တယ်လို့ဆိုပါတယ်။ ထပ်ပြီးသေဆုံးတဲ့သူ မရှိတော့ဘူးလို့ ဆိုပါတယ်။
စင်္ကာပူနိုင်ငံမှာ ပိုးကူးတဲ့လူနာသစ် မနေ့က ၄၆၀ ကျော် ထပ်တွေ့တဲ့အတွက် စုစုပေါင်း ပိုးကူးတဲ့သူ နှစ်သောင်း ခုနှစ်ထောင်ကျော် ရှိသွားပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခသည်စခန်း F ရပ်ကွက်မှာ ကိုရိုနာဗိုင်းရစ်ကူးစက်ခံရတဲ့သူ လေးယောက်ကို ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာမှာ တွေ့တဲ့အတွက် မနေ့က စနေနေ့မှာတော့ အာဏာပိုင်က အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ အဲဒီရပ်ကွက်မှာ ရိုဟင်ဂျာ အယောက် ငါးထောင်လောက် ရှိပါတယ်။