ရေစကြို ရွှေလှံရွာမှာ နေအိမ် အဆောက်အအုံ ၂၃၃ လုံး မီးရှို့ဖျက်ဆီးခံရ

2022.11.15
ရေစကြို ရွှေလှံရွာမှာ နေအိမ် အဆောက်အအုံ ၂၃၃ လုံး မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရွှေလှံရွာရှိ မီးရှို့ခံထားရသည့် နေအိမ် အဆောက်အအုံများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - မင်းစစ်နိုင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံရွာကို နိုဝင်ဘာလ ၁၃ ရက်နေ့က ပျူစောထီးတွေ ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက ဝင်ရောက်လာပြီးနောက် နေအိမ်၊ ဂိုဒေါင်၊ နွားစာတိုက်၊ ဆန်စက် အစရှိတဲ့ အဆောက်အအုံ ၂၃၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီအထဲမှာ နေအိမ် ၁၄၆ လုံး၊ နွားစာတိုက် ၈၁ လုံး၊ ဈေးဆိုင် နှစ်ဆိုင်၊ ဂိုဒေါင် သုံးလုံးနဲ့ ဆန်စက်တစ်လုံး စုစုပေါင်း ၂၃၃ လုံးဖြစ်တယ်လို့ပြောပါတယ်။

စစ်ကြောင်းနှစ်ခုအနက် ပထမစစ်ကြောင်းဟာ အဲဒီနေ့မနက် မနက် ၅ နာရီလောက်က ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ဆိုပါတယ်။ အဲဒီနောက် ရွာထဲကနေ စစ်ကြောင်းပြန်ထွက် ချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က တိုက်ခိုက် ရေးရဟတ်ယာဉ်တစ်စင်းနဲ့ လာရောက်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

"နံကပ်တိုက်တွေတို့၊ အသားအိမ်ကောင်းကောင်းတို့၊ အိမ်ကြီးအိမ်ကောင်းတွေကို သူတို့က မီးကျည်နဲ့ ပစ်ရှို့တာဗျ"

ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာဘက်က ဒုတိယ စစ်ကြောင်း ရောက်ရှိလာပြီးနောက် အိမ်တွေကို ထပ်မံမီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလှံကျေးရွာသားတစ်ဦးက RFA က ပြောပါတယ်။

"မြစ်သာဘက်ကနေပြီးတော့ ညောင်လယ်ကနေ မြစ်ဆုံကို မီးရှို့ပြီးတော့ ကျနော်တို့ကို မနက်အစောကြီး လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ မီးရှို့တာပဲ။ အခြေအနေက အိမ်ခြေ နှစ်ရာကျော်လောက် ကုန်သွားတယ်ဗျ။ တိရစ္ဆာန်တော်တော်များများ ထိခိုက်သေဆုံးမှု တွေ ရှိတယ်ဗျ။ ရွာရဲ့ အလယ်ပိုင်းလောက်က ကုန်ခမန်းသွားတာပဲ။ ရွာရဲ့ ပတ်ပတ် လည် တစ်အိမ်တန်း နှစ်အိမ်တန်းလောက်က ပတ်ကျန်နေတာ။ နံကပ်တိုက်တွေတို့၊ အသားအိမ်ကောင်းကောင်းတို့ အိမ်ကြီးအိမ်ကောင်းတွေကို သူတို့က မီးကျည်နဲ့ ပစ်ရှို့ တာဗျ။ သူတို့က မီးကျည် ပစ်တဲ့ လက်နက်တွေပါပုံရတယ်။ သေနတ်နဲ့ ပစ်ရှို့တာ။ အဲမှာ မလောင်တဲ့အိမ်မှာ ကျနော်တို့ တွေ့ရတယ်"

ရွာထဲကိုဝင်ရောက်လာတဲ့ ဒုတိယ စစ်ကြောင်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရွှေလှံရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အရပ်ဝတ်လက်နက်ကိုင်တွေက ရွာထဲကိုအရင်ဝင်ပြီးနောက် ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆက်လက်ဝင်ရောက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ရွှေလှံကျေးရွာမှာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး အခုမီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ အဆောက် အအုံ ၂၃၃ လုံးရဲ့ ပျမ်းမျှ ကာလတန်ဖိုးဟာ ငွေကျပ်သိန်းပေါင်း သုံးသောင်းခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ရွာလယ်မှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အဓိကထား မီးရှို့ခံခဲ့ရတာဖြစ်ပြီး ရွာဘေး ပတ်လည်က နေအိမ်တွေသာ ကျန်ခဲ့တာလို့ ပြောပါတယ်။

အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ရွှေလှံကျေးရွာသားတစ်ဦးကတော့ သူနဲ့ သူ့မိသားစုဆွေမျိုးတွေရဲ့ ဆုံးရှုံးမှုအတွက် ပြောမပြတတ်အောင် ခံစားနေရတယ်လို့ ပြောပါတယ်။

"အိမ်မကြီးက တစ်လုံး။ နွားစာစင်က နှစ်လုံး။ ခြောက်ပင်လေးပင် တဲတစ်လုံး။ ဂိုဒေါင် ပေါ့ဗျာ။ စပါးကျီ တဲတစ် လုံး။ ကျနော်တစ်ဦးတည်း ဖြစ်စဉ်ပေါ့။ တန်ကြေးကြီးတာ ရှိသလို တန်ကြေးလျော့တာလည်း ရှိတာပေါ့။ ကျနော်တစ်ဦးတည်းကို လေးရာဖိုး လောက် ဆုံးရှုံးသွားတယ်။ ခံစားမှုကို ပြောမပြတတ်အောင် ဖြစ်သွားတယ်။ ကျနော်တို့ ဆိုလို့ရှိရင် အနားမှာ ဆွေမျိုးသားချင်း မိသားစုတွေ ဝိုင်းနေကြတော့ မိသားစုတွေ အကုန်လုံး ပါသွားတယ်။ လူစိတ်ပျောက်နေတဲ့ လူလိုနားမလည်တဲ့ လူတွေလေ"

နေအိမ်၊ ဂိုဒေါင်၊ ဆန်စက်တွေ မီးလောင် ဆုံးရှုံးခဲ့ရတဲ့ နောက်ထပ် ရွှေလှံကျေးရွာသား တစ်ဦးကလည်း စစ်ကောင်စီရဲ့အနိုင်ကျင့်မှုကို ဒီအတိုင်းကြည့်နေရုံကလွဲပြီး မတတ်နိုင် ခဲ့ဘူးလို့ ပြောပါတယ်။

"ရွာထဲဝင်တော့ ကျနော်တို့ တစ်ရွာကျော်လောက် ရှောင်ရတာပေါ့။ ဆိုင်ကယ်လေးနဲ့ ပြေးရတာပေါ့ဗျာ။ ထော်လာဂျီရှိတဲ့သူက ထော်လာဂျီပေါ့။ ကားရှိတဲ့သူက ကားနဲ့ ပတ်ပြေးရတာပေါ့ဗျာ။ ကျနော်တို့ ဒီတစ်ခါ ပြေးရတာက ခုနစ်ရက်လောက် ကြာတယ်ဗျ။ အပေါင်းအသင်း သိတဲ့နေအိမ်လေးတွေ တည်းရတာပေါ့။ သူတို့ လုပ်တာ မနိုင်တော့ ဒီအတိုင်းကြည့်ရတာပေါ့။ ဘာမှတော့ တွက်မနေတော့ပါဘူး။ မိန်းမတွေက နှမြောတော့ ငိုကြတာပေါ့ဗျာ။ ခေတ်အခါကောင်းရင် ကြိုးစားလုပ်ရမှာပေါ့။ ကျနော်တို့က တောင်သူလယ်သမားတွေ ဆိုတော့။ သူတို့က နိုင်တာဆိုတော့ သူတို့ကို ဘယ်သူမှ ပြန်မှ မလုပ်နိုင်တာကို။ ဒီအတိုင်းပဲ နေရတာပေါ့ ကျနော် တို့မှာ ဘာလက်နက်မှ မရှိဘူးလေ"

yaysagyo 2.jpg
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရွှေလှံရွာရှိ မီးရှို့ခံထားရသည့် နေအိမ် အဆောက်အအုံများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းစစ်နိုင်)

မီးရှို့ခံထားရတဲ့အိမ်တွေဟာ ဒီနေ့မနက်ပိုင်းအထိ မီးအပူတွေရှိနေသေးတာကြောင့် ကျေးရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်နေရတယ်လို့ ပြောပါတယ်။

ရွှေလှံကျေးရွာ မီးရှို့ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီနေ့ နေ့လယ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လည်း အကြောင်းမပြန်ပါဘူး။

ရေစကြိုမြို့နယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး ဆင်ခြေယာရွာက နေအိမ် နှစ်လုံး၊ မာလကာခြံရွာက နေအိမ် ၁၂ လုံး၊ မြေစွန်းတော်ကျေးရွာက နေအိမ် နှစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်း အစပ်မှာရှိတဲ့ ကျေးရွာတွေဟာ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီ နေတယ်ဆိုပြီး ရိက္ခာ ဖြတ်တဲ့အနေနဲ့ စစ်ကောင်စီတပ်က အခုလိုစစ်ကြောင်းထိုးပြီး မီးရှို့ နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ရွှေလှံရွာသားတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာ့ မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၈၈၆၆ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။