ချောင်းဦးမှာ ရွာငါးရွာက နေအိမ်တစ်ရာကျော် မီးရှို့ခံရ
2023.06.02

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ မေလ ၂၇ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စစ်ကောင်စီတပ် စစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းချိန် ရွာငါးရွာက နေအိမ်တစ်ရာကျော် မီးရှို့ခံရပြီး အရပ်သား နှစ်ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံမရွာက နေအိမ် ၄၄ လုံး၊ မိုင်တဲရွာက နေအိမ် လေးလုံး၊ ပေါက်ပင်ရွာက နေအိမ်နှစ်လုံး၊ မယ်သဲကြိုးရွာက နေအိမ် ၂၂ လုံးနဲ့ ရှမ်းထူးရွာက နေအိမ် ၄၇ လုံး၊ စုစုပေါင်း နေအိမ် ၁၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ရှမ်းထူးရွာကိုနောက်ဆုံး ဝင်ရောက်ခဲ့ပြီး ဒီနေ့မှာတော့ ချောင်းဦး မြို့ပေါ်ကို ပြန်ဝင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုရွာတွေကို ရှို့တာက စစ်ကြောင်းတစ်ခုတည်း တစ်ရွာဝင် တစ်ရွာထွက်ရှို့တာ။ မနေ့ကထိ ရှမ်းထူးရွာကို ရှို့တုန်းပေါ့နော်။ ဒီနေ့တော့ မြို့ပေါ် လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်”
စစ်ကြောင်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၁၅၀ လောက် ပါဝင်ပြီး စစ်ကြောင်းထိုးနေစဉ်မှာလည်း ချောင်းဦးမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။
မေလ ၂၇ ရက်နေ့က စီးနင်းခံရတဲ့ ကံမရွာမှာတော့ နေအိမ်တွေမီးရှို့ခံရတာအပြင် သတ်ဖြတ်မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းကိုပါ တွေ့ရှိခဲ့ပြီး အမည်နဲ့ အသက်အရွယ် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။