ပေါက်တောမြို့နယ် ဆင်အိုင်ရွာ ဗုံးကြဲခံရမှုကြောင့် ခုနစ်ဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

သေဆုံးသူ ခုနစ်ဦးထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၁၀၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ငါးဦး ပါဝင်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ရွာကို အောက်တိုဘာလ ၁၀ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်တပ်က ဗုံးလေးလုံးကြဲချခဲ့ပြီး အဲဒီထဲက နှစ်လုံးက ဆင်အိုင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကိုပြောပါတယ်။

“ဆင်အိုင်ရွာကို စစ်တပ်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ။ စုစုပေါင်း ဗုံးအလုံးအရေက လေးလုံးပါ၊ ရွာထဲကို နှစ်လုံးတိုက်ရိုက်ထိမှန်တယ်။ အဲဒီထဲမှာ သေဆုံးတဲ့သူ ခုနစ်ဦးရှိတယ်။ အဲဒီထဲမှာ မွတ်ဆလင်သုံးဦးပါတယ်လို့သိရတယ်”

ဒဏ်ရာရသူတွေကတော့ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူ ခုနစ်ဦးထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၁၀၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ငါးဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးကတော့ အသက် ၁၄ နှစ်ကနေ ၇၁ နှစ်အတွင်းရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်စံညိုဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်က AA ထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်လာတဲ့အတွက် ဒေသခံတွေ အရင်ကထက် စိုးရိမ်စိတ်တွေ ပိုများလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

“ရခိုင်ပြည်သူတွေအနေနဲ့က ခါတိုင်းထက် စိုးရိမ်စိတ်ကမြင့်တက်လာတယ်ဗျ။ စစ်တပ်ကလည်း အချိန်မရွေး ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာတာကိုး၊ အရင်တုန်းက လေယာဉ်နဲ့ပစ်ခတ်တာက တစ်စင်းဆိုရင် အခုဆို အုပ်လိုက်ကြီးဖြစ်လာတယ်။ တစ်ခါတစ်ခါလာတာ အနည်းဆုံး လေယာဉ် နှစ်စင်း၊ သုံးစင်း၊ လေးစင်း။ တစ်ခါတစ်လေ ခုနစ်စင်း၊ ရှစ်စင်းလောက်တောင်ရှိတယ်ဗျ”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ ရဲ့ ကုန်သွယ်ရေးအချက်အချာနေရာဖြစ်တဲ့ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၀ ဦးသေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ် မတ်လကုန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် စစ်တပ်ဟာ တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ အသုံးပြုပြီး ပစ်မှတ်တစ်ခုတည်းကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေ ပိုလုပ်လာတယ်လို့ ကမ္ဘာပေါ်က စစ်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ၊ နေရာနဲ့ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (Armed Conflict Location & Event Data - ACLED) အဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုထဲက စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင် သုံးမြို့နယ်ကလွဲပြီး ကျန် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်၀မြို့နယ်တို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။