စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာက မဟာစည်ရိပ်သာ ဘုန်းကြီးကျောင်းကို စစ်တပ်က အောက်တိုဘာလ ၁၁ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦး သေဆုံးပြီး နောက်ထပ် ရှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်မှာ တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းက သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဥပုသ်သီလ ဆောက်တည်နေကြသူတွေ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာလည်း စစ်တပ်က အဲဒီဘုန်းကြီးကျောင်းကိုပဲ ဒရုန်းနှစ်စင်းနဲ့ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အကြောင်းမဲ့ တိုက်ခိုက်ခံရတာပါ။ နောက်ဆက်တွဲ ဒရုန်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ် ဂရုစိုက်နေရပါတယ်။ ညနေ ၄ နာရီလောက်က ဒရုန်းနှစ်စီးနဲ့ ထပ်ကြဲသေးတယ်”
အဲဒီဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည် တစ်ရာခန့် ခိုလှုံနေပြီး အောက်တိုဘာလ ၁၁ ရက်နေ့ဟာ တော်သလင်းလကွယ် (ဥပုသ်နေ့) ဖြစ်တာကြောင့် ဥပုသ်သီလ ဆောက်တည်ကြတဲ့ သက်ကြီးရွယ်အိုတွေပါ စုဝေးရောက်ရှိနေတာပါ။ လေယာဉ်ဗုံးဒဏ်ကြောင့် ဓမ္မာရုံ၊ တရားရိပ်သာဆောင်၊ ဘုန်းကြီးကျောင်းနဲ့ ဇရပ်စောင်းတန်း စတဲ့ သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဆိပ်ခွန်ရွာဟာ မဟာစည်ဆရာတော် ဦးသောဘနရဲ့ ဇာတိဖြစ်ပြီး အခု ဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းဟာလည်း မဟာစည်ဆရာတော် သီတင်းသုံးခဲ့တဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ဆိပ်ခွန်ရွာက တိုက်သစ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ဝ၂၅ ခုနှစ်အတွင်း အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ၂ဝ၂၄ ခုနှစ်ထက် ၅၂ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
