တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အာဇာနည်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာရှိတဲ့ ကမ်းနား ဈေးက ဈေးသည်တွေနဲ့ ပြည်သူ ၁၀၀ ဝန်းကျင်ဟာ မတ် ၁၆ ရက်နေ့က ဖမ်းဆီးခံထား ရတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
သူတို့ဟာ မတ်လ ၁၆ ရက်နေ့ မနက် ၃ နာရီခွဲခန့်မှာ ဖမ်းဆီးခံခဲ့ရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ကမ်းနားဈေးကို ဈေးသွားကြတဲ့ ဈေးသည်တွေ အဖမ်းခံရတယ်ဗျာ။ တော်တော်များ တယ်။ ဈေးသည်တွေရော၊ ဈေးလာဝယ်သူတွေရော၊ မနက်အစောကြီး လမ်းထလျှောက် သူတွေရော ၁၀၀ ကျော်လောက် အဖမ်းခံလိုက်ရတယ်။ နောက်ပြီး သူတို့ရဲ့ ဆိုင်ကယ် တွေပါ အသိမ်းခံလိုက်ရတယ်"
ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီလို့ သတ်မှတ်ထုတ်ပြန်ထားတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ အခုဒေသခံတွေ ဖမ်းဆီးခံရတဲ့ ကမ်းနားဈေးဟာ မနက်အစောကြီးဖွင့်ရတဲ့ ဈေးဖြစ်တာကြောင့် မနက် ၂ နာရီ၊ ၃ နာရီ ဝန်းကျင်ကတည်းက ရောင်းဝယ်ဖောက် ကားသူတွေနဲ့ စည်ကားတဲ့ ဈေးဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုလိုဖမ်းဆီးတာဟာ ညမထွက်ရအမိန့်ကို ကျူးလွန်ဖောက်ဖျက်တာကြောင့်လို့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေဘက်က အကြောင်းပြန်ပေမယ့် ဒီဖမ်းဆီးမှုမတိုင်ခင် မတ်လ ၁၅ ရက်နေ့ ည ၇ နာရီလောက်က ထားဝယ်ကမ်းနားဈေးအနီးမှာပဲ ရဲတပ်သား တစ်ဦး အသတ်ခံလိုက်ရတာကြောင့် ဒီဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။