ပဲခူးတိုင်း တောင်ငူမြို့မှာ ဩဂုတ်လ ၁ ရက် မနေ့မနက် အစောပိုင်းက ဒေသခံလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး အဲဒီနောက်ပိုင်း အဖမ်းခံရသူရဲ့ ထုတ်ဖော်မှုကြောင့် နောက်ထပ် လူငယ်ကိုးဦးပါ ထပ်မံ အဖမ်းခံခဲ့ရတယ်လို့ တောင်ငူမြို့ခံတွေက ပြောပါတယ်။
စိုးဇော်လတ် (ခေါ်) ဇော်ဇော်နဲ့ အတူ ဇနီးတို့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ကျန်လူ တွေကို ထုတ်ဖော် ပြောဆိုလိုက်တာကြောင့် ဘုန်းကြီးကျောင်းတစ်ခုကို စစ်ကောင်စီတပ်သား တွေ ဝင်စီးပြီး ကိုးဦးကိုပါ ထပ်ဖမ်းသွားတာလို့ တောင်ငူမြို့ခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေအတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ငူမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိတော့ စစ်ကြောရေး လုပ်နေတယ်လို့ သိထားရတယ်။ တစ်ယောက် ဖမ်းမိရာကနေ ပြောလိုက်တော့ ကလေးတွေပါ ပါကုန်တာ။ အသက်အန္တရာယ်ကလည်း စိုးရိမ်နေရတယ်။ သတင်းတွေက အမျိုးမျိုးကြားနေရတာ။ အခုထိတော့ မိသားစုဝင်တွေကို မဆက်သွယ်သေး ဘူး။ အဆက်အသွယ်ရဖို့ကတော့ ကြိုးစားနေတုန်းပဲ”
ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁ ဦးထဲက နှစ်ဦး စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
လူငယ်တွေ ဝင်ရောက်နေထိုင်ခဲ့တဲ့ ဘုန်းကြီးကျောင်းက သံဃာတစ်ပါးလည်း အဖမ်းခံရတဲ့ အထဲမှာ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
