ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့က ကင်းချောင်းကို ဖြတ်ပြီးစျေးလာဝယ်တဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာမှာ သေဆုံးသူ ၁၁ ဦးကို ရှာဖွေတွေ့ရှိပြီဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ရသေ့တောင်မြို့နယ်ကို ပို့ဆောင်ပေးလိုက်ပြီလို့ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များအစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မနေ့(ဇွန်လ ၁၅ ရက်)ကပဲ ရှာတွေ့ပါပြီ။ အကုန်လုံးကို သူတို့ရွာမှာပဲ သင်္ဂြိုဟ်ဖို့ ရသေ့တောင်မြို့နယ်ကိုပဲ ညတွင်းချင်း ပြန်ပို့ပေးလိုက်ပါတယ်။ ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ စက်လှေမှောက်တုန်းက ခုန်ချတဲ့သူတွေကတော့ အသက်ဘေးက အကုန်လွတ်ပါတယ်။ ကယ်ဆယ်ရေးက နာရီနဲ့ချီပြီး ကြာခဲ့ပါတယ်ဗျ”
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူတွေဟာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦးဖြစ်ပြီး အသက် ၂၄ နှစ်ကနေ ၆၆ နှစ်အရွယ်တွေအထိ ပါဝင်ပါတယ်။
အဲဒီစက်လှေဟာ လူ သုံးဆယ်ကျော်တင်ဆောင်လာတာဖြစ်ပြီး ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာကနေ ကျောက်တော်မြို့နယ်ကို ဈေးဝယ်ထွက်လာတာဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ဦးရာဇ်တောင်စေတီကို ဆက်သွယ်ထားတဲ့ ကြိုးတံတားကို တိုက်မိရာကနေ နစ်မြှုပ်သွားတာလို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သေဆုံးသူတွေဟာ စက်လှေရဲ့ ဝမ်းဗိုက်အတွင်းပိုင်းကနေ လိုက်ပါလာကြသူတွေဖြစ်ပြီး စက်လှေတိမ်းမှောက်ချိန်မှာ ရှောင်တိမ်းခွင့်မရလိုက်ဘဲ အသက်ဆုံးရှုံးခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ထဲက မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေစတဲ့ သုံးမြို့နယ်ကလွဲရင် ကျန်တဲ့ ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပေမဲ့ စစ်ရေးအခြေအနေအရ ရခိုင်ပြည်နယ်ရဲ့အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေကို အသုံးပြုခွင့်မရတာကြောင့် ဒေသခံတွေဟာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာနဲ့ ခရီးသွားလာတာတွေကို ရေလမ်းကြောင်းကိုပဲ အားထားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
