ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုမှာ မတ်လ ၅ ရက်နေ့က အရပ်သားတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ အရပ်သား ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်တွေမှာ ကိုယ်ထိလက်ရောက်ပါခဲ့တဲ့သူတွေတင်မဟုတ်ဘဲ အမိန့်ပေးစေခိုင်းတဲ့သူတွေမှာလည်း တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးဆောင်ရွက်တဲ့ Fortify Rights အဖွဲ့ရဲ့တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက RFA ကိုပြောပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရအဖွဲ့က တာဝန်ယူရမှာဖြစ်တယ်လို့ Fortify Rights ရဲ့ အကြီးတန်းလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ မချစ်ဆိုင်းက RFA ကိုပြောပါတယ်။
“တာဝန်ခံမှုဖော်ဆောင်တဲ့နေရာမှာ မြေပြင်မှာတိုက်ရိုက်ကျူးလွန်တဲ့သူကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ အမိန့်ပေးခဲ့တဲ့သူတွေ၊ ကွပ်ကဲမှုပြုလုပ်ခဲ့တဲ့သူတွေအကုန်လုံးကို တာဝန်ခံခိုင်းရမှာဖြစ်ပါတယ်။ အရေးယူနိုင်မယ့်နည်းလမ်းတွေက ICC လိုမျိုး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်တဲ့ ယန္တရားတွေရှိတယ်။ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားတွေရှိတယ်။ နောက်တစ်ခုက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်အရ တရားစွဲဆိုခွင့်ရှိတဲ့နိုင်ငံတွေရဲ့ တရားရုံးတွေကနေတဆင့်လည်း အရေးယူလို့ရနိုင်ပါတယ်”
Fortify Rights ဟာ မတ်လနဲ့ ဧပြီလမှာ ဒေသတွင်းကိုသွားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျက်မြင်သက်သေတွေ၊ တော်လှန်ရေးအင်အားစုဝင်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူ ၁၃ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့သလို ဓာတ်ပုံနဲ့ ဒရုန်းမှတ်တမ်းတွေကိုလည်း စိစစ်ခဲ့တယ်လို့ မချစ်ဆိုင်းက ပြောပါတယ်။
အသတ်ခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်တဲ့ Fortify Rights ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာဖော်ပြထားပါတယ်။
Fortify Rights ရဲ့ အဆိုအရ စစ်ကောင်စီတပ် လက်အောက်ခံတပ်ရင်းအချို့ဟာ မတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ရေတွင်းကုန်းကျေးရွာအုပ်စုထဲ ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပဲခူးတိုင်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ ဒေသတွေ မှာ အရပ်သားတွေကို အကြောက်တရားဖြန့်ဝေဖို့ စစ်ကောင်စီက ဆက်တိုက်ကျင့်သုံးနေတဲ့ မဟာဗျူဟာ ဖြစ်တယ်လို့ Fortify Rights ဒါရိုက်တာ John Quinley က အစီရင်ခံစာထဲမှာပြောပါတယ်။ ဒါ့အပြင် အဲဒီ ဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့လည်း သူကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိသလို ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကျူးလွန်သူတွေကို လက်ကမ်းကြိုဆိုနေတဲ့ ဒေသတွင်းကအစိုးရအဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်အုပ်စုကို လက်ကမ်းပြီး ပြန်တက်လာစေချင်တဲ့ ဒေသတွင်းက နိုင်ငံနဲ့ အစိုးရတွေပေါ့လေ၊ စစ်အုပ်စုကို လက်ကမ်းခဲ့တဲ့သူတွေသည်လည်း ပြစ်မှုကျူးလွန်သူတွေကို အားပေးအားမြှောက် ပြုလုပ်ရာကျခဲ့တဲ့အတွက် သူတို့မှာလည်း တာဝန်ရှိတယ်ဆိုတဲ့သတင်းစကားကို ရှင်းရှင်းလင်းလင်းပေးဖို့လိုအပ်တယ်”
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်လို့ Fortify Rights က မချစ်ဆိုင်းက ထောက်ပြပါတယ်။
