ကရင်နီဒေသမှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ခဲ့ကြောင်း KNDF ထုတ်ပြန်

ကယား (ကရင်နီ) ပြည်နယ်အတွင်း မေလ ၁ ရက်ကနေ ၇ ရက်အထိ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့်မှာ စစ်ကောင်စီတပ်ဘက်က ၄၄ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က မေလ ၉ ရက် မနေ့က တစ်ပတ်တာတိုက်ပွဲသတင်း ထုတ်ပြန်ချက်အနေနဲ့ ထုတ်ပြန်ပါတယ်။

ဖရူဆိုနဲ့ ဘောလခဲမြို့နယ်ဘက် သွားလာတဲ့လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်က လက်နက်ခဲယမ်းရိက္ခာတွေ ယာဉ်တန်းနဲ့သွားနေရင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ KNDF က ပြောခွင့်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက စစ်ကောင်စီရဲ့ ယာဉ်တန်းကို တိုက်ခိုက်တဲ့အထဲမှာ သူတို့ယာဉ်တန်းက အများကြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်သွားတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာ တော်တော်များတယ်။ အထူးသဖြင့် ဖရူဆို၊ ဘောလခဲ ဘက်နားမှာပေါ့။ နောက်ပြီးတော့ ဒီးမော့ဆိုဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်နေတာလည်းရှိတယ်”

ဘောလခဲ-ဖရူဆိုလမ်းမကြီးက နန်းဖဲနဲ့ လောကျေခူရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ကားအစီး ၃၀ ခန့် ပါတဲ့ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ လို့ စစ်ကောင်စီဘက်က ၄၄ ဦး သေဆုံးခဲ့ကာ ကားရှစ်စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၁၅ လက်နဲ့ ခဲယမ်းတွေ လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဲဒီထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို အတည်ပြုနိုင် ဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့အနီးတစ်ဝိုက်က ရပ်ကွက်တွေအပါအဝင် ကုန်းသာရွာ၊ ဒေါငံခါးနဲ့ ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာရွာ အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တွေ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်ကစပြီး ကရင်နီပြည်နယ် ထဲမှာ တိုက်ပွဲတွေ စတင်ဖြစ်လာတဲ့အချိန်ကစပြီး အခု ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီ တပ်ဘက်က ၁၀၆၅ ဦး သေဆုံးခဲ့ပြီး KA/KNDF/ PDF တွေဘက်က ၁၁၆ ဦး သေဆုံးခဲ့ ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။