ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာ ၁၄ လောင်းတွေ့၊ အသက်ရှင်သူ ၂၀ ကျော် အဖမ်းခံထားရ

မနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းက ရွှေသောင်ယံကမ်းခြေ၊ ဝက်သေ ရပ်ကွက်မှာ ရုပ်အလောင်း ခြောက်လောင်းကို စတွေ့ခဲ့ရပြီး ညနေ သုံးနာရီခွဲဝန်းကျင်မှာ တော့ ရွှေသောင်ယံ အမှတ်-၁ ရပ်ကွက် မှာ ရုပ်အလောင်းတစ်ခု ထပ်တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ စနေနေ့မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ထဲ နစ်မြုပ်သွားတဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာအနည်းဆုံး ၉၀ ဦး လောက်ပါမယ်လို့ အသက်ရှင်ကျန်သူတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။ ဒါကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အသက်ရှင်လျက် မျောပါလာတဲ့ ရိုဟင်ဂျာ ၂၀ ကျော်ကတော့ မနေ့ညပိုင်းကအထိ ရွှေသောင်ယံ ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ဒီလူကုန်ကူးသူတွေကို သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ အရေးယူမယ်ဆိုလို့ရှိရင် ဒီဟာတွေက ရပ်တန့်သွားနိုင်တယ်"

ရုပ်အလောင်းတွေဟာ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်ပြီး မနေ့ညအထိ ၁၄ လောင်း တွေ့ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေသောင်ယံ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အယောက် ကိုးဆယ်လောက်ပါတယ်တဲ့။ ဖမ်းမိတာပေါ့ ၂၃ ယောက်။ အလောင်းက ညအထိ စုစုပေါင်း ၁၄ ယောက်။ ၁၄ ယောက်မှာက ကလေးတွေများတယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်တွေ။ ၁၄ ယောက်သေတာမှာ ၁၁ လောင်းက ရင်ခွဲရတယ်"

တွေ့ရှိရတဲ့ အလောင်းတွေဟာ အများပြည်သူ လာရောက်အပန်းဖြေကြတဲ့ ရွှေသောင်ယံ ကမ်းခြေဘက် အခြမ်းမှာ တွေ့ရတာမဟုတ်ဘူးလို့လည်း အဲဒီဒေသခံက ဆိုပါတယ်။

အလောင်းတွေကိုတော့ မနေ့ညနေမှာပဲ ပုသိမ်ကလာတဲ့ မွတ်စလင်ဘာသာရေးအဖွဲ့ ခေါင်းဆောင်တွေ အကူအညီနဲ့ သင်္ဂြိုဟ်လိုက်တယ်လို့ ပါဝင်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"မနေ့တုန်းက သင်္ဂြိုဟ်လိုက်ပြီလေ။ သူတို့ဘာသာရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေ လာပြီးတော့ သင်္ဂြိုဟ်တာပေါ့။ ငါးနာရီခွဲလောက်က ကျနော်တို့ ရွှေသောင်ယံ အမှတ် (၁) ရပ်ကွက်မှာရတဲ့ တစ်လောင်းကိုလေ။ ဝက်သေမှာက ခြောက်လောင်းပါတယ်။ အဲဒါကိုလည်း သူတို့ သင်္ဂြိုဟ်တာပေါ့။ သူတို့ ပုသိမ်ကလာပြီးတော့လေ မွတ်စလင် ဘာသာကလာပြီးတော့ သင်္ဂြိုဟ်လိုက်တယ်"

ဝက်သေရပ်ကွက်က ရုပ်အလောင်း ခြောက်လောင်းကလည်း အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသမီးငယ်တွေရဲ့ ရုပ်အလောင်းတွေလို့ ဆိုပါတယ်။

မျောပါလာသူတွေဟာ မုန်တိုင်းမိတာကြောင့်ဖြစ်နိုင်ပြီး အသက်ရှင်လျက် မျောလာတဲ့ ၂၀ ကျော်နဲ့အတူ ပွဲစားတွေကိုပါ ဖမ်းမိထားတာလို့ ရွှေသောင်ယံ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"အမှတ် (၁) မှာ တစ်လောင်းတည်းပါ။ အသက် ၁၀ နှစ်လောက်ရှိတယ်။ ကောင်း ကောင်းမွန်မွန်ပဲ သင်္ဂြိုဟ်ပေးလိုက်ပါတယ်၊ မိန်းကလေးပါ။ ၂၀ ကျော်လောက်မိတယ် ကြားတာပဲ။ သူတို့ ပုသိမ်ပဲပို့ပြီလား၊ ဘယ်ပို့လိုက်ပြီလဲတော့ တိတိကျကျမသိဘူး။ ဒါတွေက ရဲတွေပဲလုပ်တဲ့ဟာကိုး။ ရဲတွေ၊ လဝကတွေလေ။ ယောက်ျားများပါတယ်၊ မိန်းကလေးနည်းတယ်။ အခုပြောတာအရတော့ ရခိုင်ဘက်ကလာတယ် ပြောတာပဲ။ ရခိုင်ဘက်ကနေ သယ်လာတဲ့ကောင်တွေလည်း မိတယ်ကြားတယ်။ မုန်တိုင်းထဲလို ဖြစ်နေတာကို၊ ဒီမှာက ပင်လယ်က ကြောက်ဖို့ကောင်းတယ်။ ဖြစ်ချင်ရင် ဝုန်းဒိုင်းနဲ့ အဲဒီလို ဖြစ်တော့တာပေါ့"

ဒီရုပ်အလောင်းတွေဟာ ပင်လယ်ထဲမှာ လှေမှောက်ရာကနေ မျောလာတာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ

“ဖြစ်စဉ်က ၂၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ရွှေသောင်ယံ သဲကုန်းကျေးရွာမှာ မသင်္ကာဖွယ်လူ ငါးယောက်တွေ့တယ်၊ သူတို့ကို စစ်ဆေးကြည့်တော့ လူမှောင်ခိုပို့နေ တဲ့သူတွေပေါ့၊ ရသေ့တောင်ဘက်က ဘင်္ဂါလီတွေကို ပွဲစားနဲ့ ရန်ကုန် မလေးရှားသွားဖို့ အတွက် စည်းရုံးလူစုပြီး စက်လှေနဲ့ထွက်လာတယ်၊ ၂၁ ရက်နေ့မှာ ရွှေသောင်ယံ သပြေ မှော်ကျွန်းစခန်းအနောက်ဘက် ရေမိုင်၅ မိုင်ခန့်မှာ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်ခဲ့တယ်၊ လိုက်ရှာတဲ့အခါမှာ ဘင်္ဂါလီလူမျိုး ၁၄ ဦးသေဆုံးကြောင်း တွေ့ရတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နေရပ်ပြန်လွှတ်ရမှာပေါ့ ထုံးစံအတိုင်း’’

စီးပွားရေးအပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် အခုလို ပွဲစားနဲ့ ချိတ်ဆက်ပြီး သွားကြ ပေမယ့် အောင်အောင်မြင်မြင်နဲ့ ရောက်သွားတဲ့သူ တော်တော်နည်းတယ်လို့ စစ်တွေမြို့ နယ် သက္ကယ်ပြင်ရွာက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးတင်လှိုင်က ရှင်းပြ ပါတယ်။

“ထွက်သွားကြတာက ဒီမှာ ဒုက္ခသည်စခန်းတွေမှာက အခက်အခဲတွေက အများကြီးပါ။ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းက စီးပွားရေး အဆင်မပြေကြဘူး။ အလုပ်အကိုင်တွေကလည်း အရမ်းကိုရှားပါးနေတယ်။ တချို့မှာလည်း သားသမီးတွေ အရွယ်ရောက်လာတယ်။ အဓိကတော့ မိန်းကလေးတွေပေါ့။ နိုင်ငံခြားကိုရောက်နေတဲ့ ကောင်လေးတွေကလည်း ဒီဘက်မှာရှိတဲ့ ကောင်မလေးတွေကို ခေါ်တာပေါ့။ အဲဒါကြောင့် သွားကြတာပါပဲ။ အခုဟာက လူတွေကို ရှင်းပြရင်လည်း နားမလည်ဘူး။ လူ ၁၀၀ မှာ ၃၅ ယောက်ပဲ အောင်အောင်မြင်မြင် ရောက်လိမ့်မယ်။ အဲဒါကိုပဲ သူတို့က မြင်ကြတယ်။ လမ်းမှာ လူကုန်ကူးတဲ့ပွဲစားရဲ့ လက်ထဲမှာ ငွေတွေလည်း ပေးရတဲ့အပြင် အခု အသက်လည်း ဆုံးရှုံးကြရတယ်”

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေနဲ့ တခြား မြို့နယ်အချို့မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ခစန်းတွေကနေ အခုလိုမျိုး တစ်နှစ်ကို အနည်းဆုံး လူပေါင်းတစ်ထောင်ကျော် သွားလာနေကြတယ်လို့လည်း ဆိုပါတယ်။

လူတစ်ဦးကို ကျပ် သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ပွဲစားခပေးပြီး ပြောင်းရွှေ့ ထွက်ပြေးနေကြတယ်လို့လည်း ဆိုပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ပြန်လည်ရောက်ရှိလာသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို တွေ့ရစဥ် (Photo: RFA)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ပြန်လည်ရောက်ရှိလာသည့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို တွေ့ရစဥ် (Photo: RFA)

မလေးရှားရောက်ရင် အနာဂတ်ပိုကောင်းသွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပွဲစားတွေရဲ့ မက်လုံးပေးတဲ့ အလိမ်အညာတွေပေါ်မှာ ထပ်ခါထပ်ခါ အလိမ်ခံနေရတယ်လို့ ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်က ပြောပါတယ်။

“ဒီဟာတွေကတော့ ရှိနေတာပေါ့။ လူတွေကို သွားလာခွင့်မပေးဘူး၊ လုပ်ကိုင်စား သောက်ခွင့်တွေ ကန့်သတ်ထားတယ်။ လူတွေက ဒါမလေးရှားကိုသွားရင် အနာဂတ် ကောင်းမွန်မယ်ဆိုပြီး ဒီလိုပဲ ထွက်ပြေးနေကြတာ။ အဲမှာ လူကုန်ကူးသူတွေကတော့ မလေးရှားကိုပို့ပေးမယ်၊ လစာဘယ်လောက်ရမယ်၊ ဒီလိုပဲ အလိမ်ခံနေရတာတွေကိုပဲ ထပ်ထပ်ပြီးတော့ သူတို့ယုံပြီး အလိမ်ခံနေရတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ သာ ဟိုကိုရောက်သွားလို့ရှိရင် ဒီထက်ကောင်းတဲ့ဘဝကိုရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စွန့်စားနေ ကြတာပေါ့။ အဓိက က ဒီလူကုန်ကူးသူတွေကို သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ အရေးယူမယ်ဆိုလို့ရှိရင် ဒီဟာတွေက ရပ်တန့်သွားနိုင်တယ်”

အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိ ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဒီကိစ္စကို မသိဘူးလို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်း ရွာမှာ စက်လှေပျက်ပြီး သောင်တင်နေတဲ့ ရိုဟင်ဂျာ ၄၁ ဦး မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။