မန္တလေးက အထူးကုဆရာဝန် ၁၅ ဦး ဆေးကုသခွင့်လက်မှတ် အသိမ်းခံရ

မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး ၁၅ ဦးရဲ့ ဆေးကုသခွင့် (ဆ/မ) လက်မှတ်တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ နီးစပ်တဲ့ ဆရာဝန်တွေက RFA ကို မတ်လ ၁၆ ရက် ဒီကနေ့ ပြောပါတယ်။

သိမ်းဆည်းခံရတဲ့သူတွေထဲမှာ မန္တလေးဆေးရုံကြီးရဲ့ ပါမောက္ခအဆင့် အထူးကု ဆရာဝန်ကြီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဆ/မ လက်မှတ် သိမ်းလိုက်တဲ့အပြင် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ပိုင်ရှင်တွေကိုလည်း ဒီဆရာဝန်တွေကို ဆေးခန်းထိုင်ခွင့်မပေးဖို့ စစ်ကောင်စီဘက်က ဖိအားပေး ညွှန်ကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။

"ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ဆေးခန်းပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြောတယ်၊ ရဲမှူးဆိုတဲ့သူက မင်းတို့ရှာထားတဲ့ စည်းစိမ်တွေ တစ်ရက်တည်းနဲ့ ကုန်သွားချင်လား၊ ဒီဆရာဝန်တွေကို ထိုင်ခိုင်းမယ်ဆိုရင် ဆေးခန်းပိတ်တဲ့အထိ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်"

မန္တလေးက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်တဲ့ လူနာတွေရဲ့ အချက်အလက်တွေ၊ ဆေးကုသနေတဲ့ ဆရာဝန်ရဲ့ အချက်အလက်တွေကိုလည်း စစ်ကောင်စီဘက်က တောင်းယူနေတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဆေးကုသခွင့် သိမ်းဆည်းခံရတဲ့ ဆရာဝန်တွေကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းလို့ မရသေးပါဘူး။

စစ်အာဏာဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ဆရာဝန်တွေ ပါဝင်လှုပ်ရှားမှု အားကောင်းနေဆဲဖြစ်တာကြောင့် အခုအချိန်ထိ မန္တလေး ဆေးရုံကြီးမှာ ဝန်ထမ်းမလုံလောက်သေးဘူးလို့လည်း မြို့ခံ ဆရာဝန်တွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်တွေ ဆေးကုသခွင့် လက်မှတ်သိမ်းခံရတဲ့ ဖြစ်ရပ်ဟာ မန္တလေးမှာ ပထမဆုံးဖြစ်ပါတယ်။

"စကစ ဘက်က CDM ဆရာဝန်တွေကို လိပ်စာအတိအကျနဲ့ ရပ်ကွက်တွေထဲ လိုက်ရှာနေတယ်၊ ပုဂ္ဂလိက ဆေးခန်းတွေကို ဒီ CDM ဆရာဝန်တွေ လာ၊မလာဆိုတာလည်း အကုန်စောင့်ကြည့်နေတယ်၊ သူတို့ကို ပုန်ကန်တဲ့ ဆရာဝန်တွေ အားလုံးကို ဘဝပျက်အောင်ထိလုပ်ဖို့ ရည်ရွယ်ထားတယ်၊ ကျနော်တို့ကလည်း ဒီလောက်ထိ လုပ်လာပြီးမှတော့ သူတို့ လက်အောက်မှာ ပြန်အလုပ်လုပ်ဖို့ အစီအစဉ်မရှိဘူး" လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းလောက် CDM မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ တော်တော်များများက CDM လုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်နေဆဲဖြစ်ပေမယ့် တချို့ကတော့ ပြန်အလုပ်ဝင်တာလည်း ရှိနေတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

CDM ဆရာဝန်တချို့ တိုင်းရင်းသားနယ်မြေတွေ ရောက်ရှိပြီး လက်နက်ကိုင်တဲ့သူတွေရှိသလို၊ လက်နက်ကိုင် တော်လှန်ရေးတပ်သားတွေကို ဆေးကုသပေးနေသူတွေလည်း ရှိပါတယ်။