မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၆ ယောက် ထိုင်းမှာ အဖမ်းခံရ

ထိုင်း - မြန်မာနယ်စပ် တာခ့်ခရိုင် ဝမ်ကျောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၆ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဘန်ကောက်မြို့ကို သွားတဲ့ တောလမ်း တစ်နေရာမှာ အမျိုးသမီး ၇၃ ယောက်နဲ့ အမျိုးသား ၈၃ ယောက်ကို ဖမ်းဆီးလိုက်တာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ဒါဟာ ဝမ်ကျောက်မြို့နယ်မှာ အများဆုံးဖမ်းဆီးမိတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံထားရတာရှိ-မရှိ စစ်ဆေးဖို့နဲ့ ဥပဒေအရ အရေးယူဖို့ ဝမ်ကျောက်မြို့ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးအရေးယူခံရတဲ့ လူတွေကို သုံးလတစ်ကြိမ် မြန်မာနိုင်ငံကို ပြန်ပို့ပေမယ့် ထိုင်းနိုင်ငံကို ဝင်လာတဲ့မြန်မာလုပ်သား ဦးရေက ပိုများလာတဲ့အတွက် ဝမ်ကျောက်မြို့နယ် ရဲခစန်းမှာ လူပြည့်ကျပ်နေပြီလို့လည်း ဦးမိုးကြိုးကပြောပါတယ်။

ဝမ်ကျောက်မြို့နယ်မှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ၁၁၅ဝ ကျော် ဖမ်းဆီးခံထားရပြီး သီးသန့်နေရာခွဲထားရတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ၊ ထိုင်းနိုင်ငံ တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

မြဝတီ မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ မြန်မာနိုင်ငံ ပြန်လိုသူတွေကို တစ်ပတ်မှာ သုံးရက် ပြန်ခွင့်ပြုနေပေမယ့် မြန်မာနိုင်ငံက လူ ၄ဝဝ ပဲ လက်ခံတဲ့အတွက် ထိုင်းနိုင်ငံကို တရားမဝင် ဝင် ရောက်လာသူတွေကို ထိုင်းရဲက ဖမ်းဆီးပါတယ်။ ဒါကြောင့် ရဲစခန်းတွေ နေရာမဆန့် ဖြစ်လာတာလို့ ဦးမိုးကျော်က ပြောပါတယ်။

မေ ၁ ရက်ကနေ ၆ ရက်ထိ အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာလုပ်သား ၄၄၂ ယောက် ဖမ်းဆီးခံထားရပါတယ်။

မနေ့ကတစ်ရက်တည်းမှာပဲ တာ့ခ်ခရိုင် ထဆောင်ယန်းမြို့နယ်မှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၅ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

တဆက်တည်း ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ချခံရပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၂ ဦးကို ရနောင်းမြို့က မြန်မာနိုင်ငံ ကော့သောင်းမြို့ကို မေလ ၆ ရက်နေ့က ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဘန်ကောက်မြို့မှာ ရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ ရက်နေ့ကလည်း လွတ်ရက်စေ့ မြန်မာ ၁၅၃ ယောက်ကို ကော့သောင်းကို ပို့ဆောင်ပေးခဲ့ပါတယ်။