စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကလေးငယ်တွေ အပါအဝင် အရပ်သားလေးဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် စက်တင်ဘာ ၁၅ ရက်မှာ မဿလင်ကုန်းကျေးရွာနဲ့ ချပ်ကုန်းကျေးရွာတွေက ကလေးနှစ်ဦး အပါအဝင် ဒေသခံလေး ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် မဿလင်ကုန်းကျေးရွာက ၇၅နှစ် အရွယ် ကြယ်နီ၊ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်း တို့နှစ်ဦးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ခဲ့တာဖြစ်ပြီး၊ ချပ်ကုန်းကျေးရွာ က အသက် ၂၅နှစ်အရွယ် မောင်အောင်ကျော်ဝင်းနဲ့ အသက် ၁၅ နှစ်အရွယ် မောင်အောင်ကျော်မင်းတို့ ကတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မဿလင်ကုန်းကျေးရွာ နောက်ဘက် သံလမ်းကနေ စစ်ကောင်စီတပ်တွေက သေနတ် ပစ်ခတ်လိုက်တာ။ အဲမှာက စစ်ဘေးရှောင်ဖို့ အိမ်ပေါ်က ဆင်းနေတဲ့ ဦးကြည်နီကို ထိတာ။ သေနတ်ကျည်က ရာဘက်ဒူးကို ဖောက်ထွက်သွားတာ ခြေထောက်က ကျိုးသွားတာ။ မောင်ကျော်ဟိန်းကိုက ပြောင်းခင်းမှာ ကင်းပုန်းဝပ်ပြီးတော့မှ နေတဲ့ စကစတွေ ပစ်လိုက်တာ ညာဘက်လက်ကောက်ဝတ် ပေါက်ထွက်သွားတယ်။ ချပ်ကုန်းက နှစ်ယောက်လည်း ၆၀ မမ ထိမှန်တယ်။ ဒီမှာမနိုင်တော့ သူတို့တွေကို ကောင်းလင်းမြို့ကို လွဲထားတယ်။”
မဿလင်းကုန်းကျေးရွာ နဲ့ ချပ်ကုန်းကျေးရွာတွေက ဒေသခံတွေကတော့ ထွက်ပြေး တိမ်းရှောင် နေတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီ စစ်ကိုင်းတိုင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေက ကျေးရွာ ၅၀ ခန့် မီးရှို့ခံထားရပြီး ကျေးရွာပေါင်း ၈၀ လောက်ကပြည်သူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က စက်တင်ဘာ လဆန်းပိုင်းက RFA ကို ပြောဆိုထားပါတယ်။