ဝေလမူရွာမှာ အဖမ်းခံရသူတွေထဲက အမျိုးသားနှစ်လောင်း ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို google earth မှတွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို google earth မှတွေ့ရစဉ် (Photo: Google Earth)

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဝေလမူရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦးဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရပြီး အဖမ်းခံလိုက်ရတဲ့အထဲက အမျိုးသား နှစ်ဦးရဲ့ အလောင်းကို မတ်လ ၅ ရက် မနေ့က တောထဲမှာ ပြန်တွေ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်က စစ်ကောင်စီတပ်နဲ့ PDF တို့ ဝေလမူရွာအနီးမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင် အမျိုးသမီး ငါးယောက် နဲ့ အမျိုးသား နှစ်ယောက် အဖမ်းခံလိုက်ရတယ်လို့ ကျွန်းလှမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ရပ်ရွာကာကွယ်ရေးအဖွဲ့က ယောင်္ကျားလေး နှစ်ယောက်နဲ့ မိန်းကလေးငါးယောက် ပါသွားတယ် ဝေလ မူရွာအနီးက တောထဲမှာပဲ ယောင်္ကျားလေးနှစ်ယောက်က ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်နဲ့ ပစ်သတ်ထားခဲ့တာ မိန်းကလေး ငါးယောက်ကတော့ ခုချိန်ထိ သတင်းအစအန မရသေးဘူး ’’

အသက် နှစ်ဆယ်ကျော် အရွယ်တွေဖြစ်ကြတဲ့ ကိုကျော်ထက်နဲ့ ကိုစွမ်းထက်တို့နှစ်ဦး အသတ်ခံထားရတာဖြစ်ပြီး ကျန်တဲ့ အမျိုးသမီး ငါးယောက်ကတော့ ခုချိန်ထိ အဆက်အသွယ် မရသေးဘူးလို့လည်း ပြောပါတယ်။

မတ်လ ၁ ရက်က ဝေလမူရွာအနီးမှာ စစ်ရဟတ်ယာဉ် သုံးစီးက စစ်သားတွေ ချခဲ့ပြီး နောက်ထပ်သုံးစီးက ရွာအနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရွာထဲမှာ တပ်စွဲနေကြပြီး PDF စခန်းထဲက လက်နက် ပစ္စည်းတွေ အသိမ်းခံလိုက် ရတယ်လို့ ပြောပါတယ်။

မတ်လ ၄ ရက်နဲ့ ၅ ရက်တွေမှာလည်း တိုက်ပွဲဆက်ဖြစ်ပွားခဲ့လို့ ဝေလမူရွာ၊ ဝေသာရွာ အပါအဝင် အနီး နားရွာပေါင်းငါးရွာလောက် က ဒေသခံ ၃၀၀ လောက်ဟာ ဘေးလွတ်ရာ တောတွေထဲမှာ ထွက်ပြေးနေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေလမူရွာက အဖမ်းခံရသူတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မတ်လ ၁ ရက်က ဝေလမူကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး လက်လုပ် သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ အမ် ၂၂ ကျည် ၁၀၈ တောင့်နဲ့ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ် လက် ပစ်ဗုံး ၆၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၆ လုံး နဲ့ ဆက်စပ်ပစ္စည်း၊ လမ်းလျှောက် စကားပြော စက် ၃ လုံး၊ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း ၃ ထည်၊ PDF လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၁ စုံ နဲ့ ဆေးမျိုးစုံ ၂ ဖာ တို့ သိမ်းဆည်း ရမိတယ်လို့ စစ်ကောင်စီက အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။