ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ပြန်သုံးသပ်ပေးဖို့ နိုင်ငံရေးပါတီ ၂၀ ကျော် တောင်းဆို

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၂၀ ကျော်က ဒီနေ့ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ထားပေမယ့် ပါတီတွေကို ထောက်ခံကြသူတွေက အမှတ်တမဲ့ကျူးလွန်မှုတွေရှိနေတာကို တွေ့ရကြောင်းနဲ့ မထင်မှတ်ဘဲ လူစုလူဝေးတွေ ဖြစ်လာနိုင်စရာရှိတယ်လို့ အဲဒီစာမှာ ရေးသားထားပါတယ်။

USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ရွေးကောက်ပွဲရွှေ့ဆိုင်းမယ်ဆိုရင် ဝမ်းမြောက်စွာလက်ခံမယ်လို့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် မနေ့က ပြောထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက မဲဆွယ်စည်းရုံးမှုတွေမှာ လူဦးရေ ၅၀ ထပ်မပိုဖို့နဲ့ တစ်ဦးနဲ့ တစ်ဦးကြား အရှေ့၊ အနောက်၊ ဝဲ၊ ယာ ခြောက်ပေစီခွာဖို့၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာသာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ပါတီတွေရဲ့ အိတ်ဖွင့်ပေးစာမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်မှာလည်း လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကြား မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ခွင့်ရှိ၊ မရှိဆိုတာကို အလေးအနက် စဉ်းစားဖို့လိုမယ်လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့ခဲ့တဲ့ ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသား တိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အစရှိတဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်ပါတယ်။