တနင်္သာရီတိုင်း၊ထားဝယ်မြို့က ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်းတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၂၈ နှစ် ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကိုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် (၂) နှစ်၊ ပေါက်ကွဲပုဒ်မ (၃)အတွက် ထောင်ဒဏ် (၂) နှစ်၊ ပေါက်ကွဲပုဒ်မ ၃/၆ အတွက် (၁၂)၊ ပေါက်ကွဲပုဒ်မ ၃/၅ အတွက် ၁၂ နှစ် စုစုပေါင်း ၂၈ နှစ် ချလိုက်တာလို့ ဆိုပါတယ်။
"သူက မေလထဲမှာ ဖမ်းမိတယ်ပေါ့။ သူ့လွယ်အိပ်ထဲမှာ လောက်လေးခွတို့ ဘာတို့ပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ သူ့ကို ဖောက်ခွဲပုဒ်မတို့ ဘာတို့ တပ်တယ်ထင်တယ်ဗျ။ သူ့ကို မတ်လ ၄ ရက်နေ့မှာ နောက်ဆုံးအမိန့်ချလိုက်တာပါ"
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် သပိတ်စစ်ကြောင်းမှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်နီးပါး ကြားပြီးမှ အခုလို အပြီးသတ် အမိန့်ချခဲ့တာလို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့က ပြစ်ဒဏ်ချခံရသူတွေထဲမှာ ကိုဟိန်းမင်းကိုကိုရဲ့ ပြစ်ဒဏ်ဟာ အများဆုံးဖြစ်ပြီးတော့ သူဟာ ရှေ့နေမရှိဘဲ စွပ်စွဲခံရတဲ့ အမှုတွေအားလုံးကို ရင်ဆိုင်ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။