DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်က ဗိုလ်စလုံး ဦးဆောင်တဲ့ အင်အား ၂ဝဝ ကျော်ပါ တပ်ဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်မှာ KNDO ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ထံ ပူးပေါင်းခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့တွေကို ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ က သူတို့ KNDO ရဲ့ အထူးကွန်မန်ဒိုတပ်ရင်း အဖြစ် ဖွဲ့စည်းပေးလိုက်ပြီးနောက် မေလ ၅ ရက်နေ့မှာ အခမ်းအနားနဲ့ ဂုဏ်ပြုတာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
DKBA ဟာ ၁၉၉၄ ခုနှစ်မှာ KNU ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်တွေရဲ့ ဘာသာရေးအရ သွေးခွဲမှုကြောင့် DKBA ခွဲထွက်သွားခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာ DKBA တပ်ဖွဲ့တွေဟာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
KNDO ရဲ့အထူးကွန်မန်ဒိုတပ်ရင်းမှူး ဖြစ်လာတဲ့ ဗိုလ်မှူးစလုံးက လက်ရှိစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ချေမှုန်းနှိပ်စက်မှုကို ခံစားနေရတဲ့ မြန်မာပြည်သူ တစ်ရပ်လုံးကို သူတို့အသက်နဲ့လဲပြီး အကာအကွယ်ပေးမယ်လို့ RFA ကို ပြောပါတယ်။
"ပြည်သူလူထုတွေကို ကျွန်တော်တို့ အသက်နဲ့လဲပြီး ရင်ဆိုင်ပေးမယ်နော်။ ငါ့အဖေ သတ်တယ်၊ ငါ့အမေသတ်တယ်၊ ငါ့ညီသတ်တယ်၊ ငါ့ညီမကို မုဒိန်းကျင့်တယ်၊ ငါ့ညီမကို သတ်တယ်၊ နှိပ်စက်တယ် အခုကဘယ်သူမှ သူတို့ကို လက်မခံတော့ဘူးလေ တစ်နိုင်ငံလုံးက။ ကျွန်တော်တို့ ပြည်သူလူထု ကျွေးတဲ့ ထမင်းစားတယ်၊ အကောက်အခွန်ပြည်သူလူထု ကူညီပေးတယ်။ ပြည်သူလူထု မြန်မာနိုင်ငံထဲမှာ ဒီလောက် အခက်အခဲရှိနေရင် ကျွန်တော်တို့ တိုက်ထုတ်ရမှာပဲ ဒီအာဏာရှင်ကို။ ပြည်သူလူထုအပေါ်ကို သစ္စာရှိရမယ်။ ဘယ်လောက်ပဲ ကြိုးစား သစ္စာ မရှိရင် ဘယ်တော့မှ မအောင်မြင်ဘူး။ သစ္စာရှိရင် အောင်မြင်ရမယ်။ အာဏာရှင်တွေဟာ ရွာတွေကို မီးနဲ့ ရှို့လိုက်၊ လက်နက်ကြီးနဲ့ ပစ်ချ၊ ရွာသူရွာသားတွေကို ပစ်သတ် မိန်းမတွေကို မုဒိမ်းကျင့်၊ ထောင်ထဲထည့် ရိုက်ထု၊ အဲဒါက မကောင်းဘူးလေ။ အခု ကျွန်တော်တို့ ဗမာလူမျိုးကို တိုက်တာ တော်လှန်တာ မဟုတ်ဘူး၊ အာဏာရှင်ကို တိုက်တာ အခု တိုက်ပွဲက လူမျိုးရေး ဘာသာရေး တိုက်တာ မဟုတ်ဘူး၊ အာဏာရှင်တွေကို မကောင်းတာ တိုက်ထုတ်မယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဘုရားအသိဆုံးပဲ။ စလုံး ဒီနေ့ဘာလုပ်လဲ၊ စလုံး ဘယ်သူနဲ့ ပေါင်းလဲ၊ စလုံးဒီနေ့ ဘီယာ ဘယ်နှစ်ဘူးသောက်လဲ၊ ဘုရားကို လိမ်မရဘူး။"
KNDO Special Black Forces တပ်ရင်းမှူး ဗိုလ်မှူးစောလယ်ထူးကလည်း အခုလို လာရောက် ပူးပေါင်းမှုကို ကြိုဆိုရင်း ဖယ်ဒရယ် ဒီမိုကရေစီ တော်လှန်ရေးဟာ ထပ်မံအားကောင်းလာဖို့ ရှိတယ်လို့ ပြောကြားပါတယ်။
"သူတို့ ပြန်လည်ပူးပေါင်းတဲ့အတွက်အများကြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ နောက်ထပ်လာမယ့် သူတွေရှိရင်လည်း ကျွန်တော်တို့ ဒီလိုပဲ အတူတကွပြန်လည်လက်တွဲပြီးတော့ တော်လှန်ရေးအတွက် အားကောင်းလာဖို့ အများကြီးရှိပါတယ်။ စစ်ကောင်စီကို ဖြုတ်ဖို့ အတွက် ကျွန်တော်တို့ KNU က ပြည်သူလူထုနဲ့ အတူ တစ်သွေးတည်း တသားတည်း ရှိနေမှာပါ။ ပြည်သူလူထု ကို ဒီလောက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ကျွန်တော် လုံးဝမကြိုက်ဘူး ကျွန်တော်တို့ကတော့ အပြတ်ဖြုတ်မှာပဲ။"
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ပြည်သူ့အင်အားစု PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ညိုက ကရင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အချင်းချင်း အခုလို ပြန်လည်ပူးပေါင်းမှုဟာ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုပဲလို့ ဝေဖန်ပါတယ်။
"စကစ ရဲ့ ငြိမ်းချမ်းရေး ခေါ်ထားတဲ့ ၉ ရက်နေ့ မတိုင်ခင်မှာ အခုလို ကျွန်တော်တို့ဘက်ကို ပူးပေါင်းလာတဲ့အတွက် ကျွန်နော်တို့ အများကြီး ကြိုဆိုတယ်။ ပြောရရင် DKBA ဆိုတာ စစ်အစိုးရ လက်ထက်က ဘာသာရေးနဲ့ မှိုင်းတိုက်ပြီး ခွဲခဲ့တာ။ သူတို့ရဲ့ လုပ်ငန်းကတော့ သွေးခွဲတဲ့ လုပ်ငန်းတွေကြီးပဲ။ ဘာသာရေးနဲ့ မှိုင်းတိုက်ရင် မှိုင်းတိုက်မယ်၊ လူမျိုးရေးနဲ့ မှိုင်းတိုက်ရင် တိုက်မယ်။ အခုဟာက လူမျိုးရေး ဘာသာရေး အားလုံးကို ကျော်သွားပြီ။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုကို တည်ဆောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံးပေါင်း လာတာ။ ဒီဟာအတွက် ကျွန်တော်တို့က အရမ်းကြီးကို ဝမ်းလည်း ဝမ်းသာတယ်။ အခုအချိန်မှာက ဘာသာရေး လူမျိုးရေး မရှိဘူး။ ဘုံရည်မှန်းချက်က တစ်ခုပဲ ရှိတယ်။ အဲဒါက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ပဲ။"
ဗိုလ်မှူးစလုံးက လက်ရှိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ တပ်သားတွေဟာ စိတ်ဓာတ် ကျဆင်းနေကြပြီဖြစ်တယ်၊ သူတို့နဲ့တိုက်ပွဲဖြစ်ပြီးနောက် အဲဒီဒေသတွေကို ရှင်းလင်းတဲ့အခါ စစ်ကောင်စီတပ်သားတွေဟာ မူးယစ်စိတ်ကြွဆေးတွေ စွဲပြီး တိုက်ပွဲဝင်ခဲ့ကြတာကို မြင်တွေ့ရလေ့ ရှိတယ်။ ဖမ်းဆီးရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့က ညှဉ်းပန်းသတ်ဖြတ်ခြင်း မပြုဘဲ စစ်အာဏာရှင်တွေရဲ့ အသုံးချခံရမှုကို ရှင်းပြလေ့ရှိတယ်လို့လည်း ဗိုလ်မှူးစလုံးက ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ နယ်မြေရှင်းလိုက်ရင် လက်နက်သိမ်းလိုက် ကျည်ဆန်သိမ်းလိုက်၊ အလောင်းတွေကောက်လိုက်ရင် သူတို့ အိတ်ထဲမှာ မြင်းဆေးအိတ်တွေ ကြွဆေးတွေ၊ သူတို့ ထိုးထားတဲ့ ပိုက်တွေ ရတယ်။ အဲ့ကောင်တွေ ရူးကုန်ပြီ။ မင်းအောင်လှိုင်က သူ့တပည့်တွေကို ဒီလိုထားရင် ရူးကုန်မှာပေါ့။ ထမင်းမစားရ၊ ရေမချိုးရ ရက် ၂ဝ၊ ၃ဝ သူတို့နေနိုင်တယ်။ အဲ့ဆေးသူတို့မသုံးရင် သူတို့ ဒီလို နေနိုင်မလား။ အဲ့တာကြောင့် သူတို့ကို ကျွန်တော် စည်းရုံးတယ် မင်းတို့ကို မသတ်ဘူး၊ မင်းတို့ကိုသတ်ရင် နိဗ္ဗာန် မရောက်ဘူး။ ကျွန်တော်သေရင် နိဗ္ဗာန် ရောက်ချင်တယ်၊ ငရဲ မရောက်ချင်ဘူး။ သူတို့ကိုလည်း အဲဒီလို ပြောပြတာပဲ။"
တဆက်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ DKBA တပ်ဖွဲ့ဝင်တွေလည်း သူတို့နဲ့ မကြာမီ လာရာက်ပူးပေါင်းမှာ ဖြစ်တယ်လို့ ဗိုလ်မှူးစလုံးက RFA ကိုပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စိတ်ကြွမူးယစ်ဆေးဝါးသုံးပြီး ဆင်းဆင်းရဲရဲ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ ဗိုလ်မှူးစလုံးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။