ကလေးမြို့နယ်မှာ နှစ်ရက်အတွင်း နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ မေလ ၁၈ ရက်နဲ့ ၁၉ ရက် ဒီနေ့အထိ နှစ်ရက် အတွင်း ရှားတော၊ ကုက္ကိုလ်နဲ့ လယ်ခြားရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်လာ ပြီးနောက် နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၈ ရက် မနေ့က အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရှားတောကျေးရွာမှာ အိမ် ၁၀၀ နီးပါးနဲ့ မေလ ၁၉ ရက် ဒီနေ့မှာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ကုက္ကိုလ်ကျေးရွာမှာ အိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

မီးရှို့တာတွေ ဆက်မလုပ်ဖို့ ရွာက ဘုန်းတော်ကြီးက စစ်ကောင်စီတပ်သားတွေကို ပြောဆိုရာမှာ အထက်ကိုသာ တင်ပြဖို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ရွာသားတွေက စစ်သားတွေရောက်လာတာနဲ့ ကြောက်လို့ ထွက်ပြေး နေရတယ်။ စစ်သားတွေက လူမရှိတဲ့အိမ်တွေကို မီးရှို့မယ်ပြောလို့ တချို့က ပြန်လှည့်နေတာလည်းရှိတယ်။ နေအိမ်မီးရှို့နေတဲ့ စစ်သားတွေကို ရွာကဘုန်းကြီးက လာတားတာတောင်မရဘူး၊ အထက်ကိုတင်ပြပါလို့ ပြောတယ်"

ဒီနေ့ မနက်ပိုင်းမှာလည်း လယ်ခြားကျေးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး အိမ်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က အရပ်သားတွေရဲ့ နေအိမ်ကို မီးရှို့တယ်လို့ ပြောဆိုချက်တွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီး PDF အဖွဲ့တွေ ကသာ အခုလို ကျူးလွန်နေတာလို့ တုံ့ပြန်ထားပါတယ်။

ကလေးမြို့တောင်ပိုင်းမှာ နေအိမ်တွေ မီးရှို့ခံရတဲ့ကျေးရွာပေါင်း ခုနစ်ရွာအထိရှိလာနေပြီး အခုလအတွင်းမှာ နေအိမ် ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံငါးသောင်းကျော် ခန့် နီးစပ်ရာတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ တောထဲမှာ ဖြစ်သလိုထွက်ပြေးနေကြရတာကြောင့် ဆေးဝါး၊ အမိုးအကာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။