မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ရွာပေါင်း ၁၅ ရွာက စစ်ဘေးဒုက္ခသည် နှစ်သောင်း ဝန်းကျင် ယာယီခိုလှုံနေတဲ့နေရာသုံးခုမှာ စားနပ်ရိက္ခာပြတ်နေလို့ သဘာဝသစ်ဖု တစ်မျိုးဖြစ်တဲ့ ကြွေးဥတွေ တူးပြီး စားနေရတယ်လို့ ဒုက္ခသည်ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလပထမပတ်ကစပြီး စစ်ကောင်စီတပ်တွေက ပေါက်၊ ပခုက္ကူ၊ ဆိပ်ဖြူ မြို့နယ်အစပ်က ရွာတွေနဲ့ ဆောမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကြောင်းထိုး၊ ရွာတွေကိုမီးရှို့ခဲ့လို့ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
တစ်လကျော် ထွက်ပြေးနေရတာကြောင့် စားနပ်ရိက္ခာရှားပါးလာပြီး ကြွေးဥတွေ တူးစားရပုံကို တံစူး ရွာက စစ်ဘေးဒုက္ခသည်အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။
"ကြွေးဆိုတာ တောထဲမှာ ပေါက်နေတဲ့ စားရတဲ့ အပင်တွေ တူးပြီးတော့ အခွံနွှာပြီး ခါမှချက်၊ ချက်ပြီးတော့မှ လှမ်းရသေးတာ။ နေလှမ်းပြီးခါမှ ရုတ်ပြီး များပြီခါမှ ရေထဲချပြီး နင်းရတာ။ တောင်းထဲထည့်ပြီး နင်းရတာ။ ငါးည အိပ်ရသေးတယ်။ အဲဒါပြီးမှ အစေး ဆိုတာ သိပ်ရသေးတာ။ အစေးသိပ်၊ အခြောက် လှမ်းပြီးခါမှ ရေစိမ်ပြီးခါမှ ပြန်ပြုတ်ပေါင်းစားရတာ"
ကြွေးပင်တွေကို ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ် တောတွေထဲမှာတွေ့ရပြီး အပင်ကအရွက်တွေ မရှိတဲ့အချိန်မှ တူးစားရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေကြောင့် သူ့အမေရော ညီမရော တူမရော အသက်ဆုံးရှုံးသွားပြီလို့ သူက ပြောပါတယ်။
"လက်နက်ကြီးမှန်လို့ မအေလည်းဆုံးတယ်။ တူမတွေရော။ ညီမရော။ မတ်ရောဆုံးတာပေါ့"
သူတို့ တံစူးရွာလိုပဲ တောင်ဘက်၊ ဇီးတော၊ အင်းငယ်ဒေါင့် ၊ဝန်ခြုံး၊ ကျောက်ခွက်၊ ဘို့မယ်၊ အိုင့်ကျယ်၊ ကင်းဆုပ်၊ ကင်းမ၊ ဒိန်းကွင်း၊ ကျောက်အိုး၊ လက်ပံလှ၊ လယ်ယာ၊ ကိုင်းမ၊ သက္ကယ်ကျင်း စတဲ့ ရွာတွေ ကလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
အရင် ၈၈ အရေးတော်ပုံတုန်းက အခုလောက်ဆိုးတဲ့အခြေအနေမျိုးကို မကြုံတွေ့ခဲ့ရဘဲ အခုလက်ရှိ စစ်တပ်က အာဏာသိမ်းတော့မှပဲ ဆင်းရဲဒုက္ခကို ရင်ဆိုင်ကြုံတွေ့ရတယ်လို့ တံစူးရွာသား တစ်ယောက်က ပြောပါတယ်။
"မင်းအောင်လှိုင်ခေတ်ကျမှ ဒီလိုဖြစ်တာ။ စစ်ဘေးရှောင် ပြေးရတာကြောင့် ဒီကြွေးကို တူးစားရတယ်ပေါ့။ အဲဒါမှ ကြွေးနင်းတဲ့အချိန်မှာ သူတို့လာရင် ထွက်ထွက်ပြေးရတယ်။ အခက်အခဲကတော့ ကိုယ်သွားချင်သလို မသွားရ မလာရ ဖြစ်နေတာပေါ့။ ကိုယ်သွားမယ်ဆိုလည်း ကိုယ့်ဟာနဲ့ကိုယ်က မသန်စွမ်း ဒုက္ခိတဘဝ ဖြစ်နေတော့ ပြေးရပြေးရ လွှားရ လွှားရနဲ့ ဒီလိုပဲ နေရတာကို။ အိမ်တွေ ဘာတွေ မီးရှို့၊ တဲတွေ လိုက်ရှို့လုပ်တာကျတော့ အဲ့ကျဆိုးတာပေါ့ သူတို့ ဘက်က"
စစ်ကြောင်း ဝင်လာတိုင်း တံစူးရွာသား ၁၂၀၀ ကျော်ဟာ ရွာထဲကနေ ဘေးလွတ်ရာ တောတောင်တွေထဲကိုထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက တံစူးရွာသားတွေနေတဲ့ တဲတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ကိုးယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် မကွေးတိုင်းက အိမ် ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အဲဒီထဲမှာ ပေါက်မြို့နယ်က ၇၄၈ လုံး ပါဝင်တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း Data For Myanmar က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။