ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်တချို့ အောင်မြင်ခဲ့တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ ပြော

2022.10.29
ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်တချို့ အောင်မြင်ခဲ့တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ ပြော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။
Photo: NRPC

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုတချို့ ရခဲ့တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အကုန်လုံးအဆင်ပြေတာမျိုး မဟုတ်သေးပေမယ့် ဝန်ကြီးချုပ်ကို ကိုယ့်လွှတ်တော်ကနေ ရွေးချယ်ခွင့်ရဖို့ဆိုတဲ့ အချက်ကတော့ အဆင်ပြေခဲ့တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက RFA ကို ပြောပါတယ်။

“ပြောဆိုဆွေးနွေးတဲ့အခါ အောင်မြင်တဲ့အပိုင်းတွေလည်း ရှိတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့နော်။ တချို့တစ်ဝက်တော့ ရတာပေါ့။ ဥပမာ ပုဒ်မ ၂၆၁ ဆိုရင် အားလုံးက သဘောတူထားပြီးသားဆိုတော့ အဲဒါကတော့ ကျိန်းသေရတယ်။ ဝန်ကြီးချုပ်ကို ကိုယ့်လွှတ်တော်တွေကနေ ရွေးချယ်ခွင့်တွေဘာတွေ ရသွားပြီလေ”

လက်ရှိ အခြေအနေမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရတာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲအောင်နိုင်ပြီး ပြည်ထောင်စုအစိုးရဖွဲ့နိုင်တဲ့ ပါတီကပဲ တိုင်းနဲ့ပြည်နယ်အသီးသီးအတွက် ဝန်ကြီးချုပ်တွေကို စိတ်ကြိုက်ခန့်အပ်ခွင့်ရခဲ့တာပါ။

အခုလို ဒီအချက်ကို ပြင်ဆင်နိုင်ခဲ့ရင် ပြည်နယ်နဲ့ တိုင်းအလိုက် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေကနေ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့ အချက် ၁၁ ချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ် အဖွဲ့ကနေ တစ်ချက်ချင်းအလိုက် အဆိုပြု တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီ ၁၁ ချက်နဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမယ့် နိုင်ငံရေး ပါတီများအစုအဖွဲ့ရဲ့ တင်ပြချက်တွေကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည် ဦးဆောင်တဲ့ ညှိနှိုင်းရေးကော်မတီက တစ်ချက်ချင်းအလိုက် အလွတ်ပြန်လည် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဦးစိုင်းအိုက်ပေါင်းတို့ ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အစုအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။