အရည်အချင်းမပြည့်မှီတဲ့ ကိုယ်စားလှယ်လောင်းတွေ NLD စိစစ်နေ

ခင်မောင်စိုး
2020.07.27

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အရည်အချင်းမပြည့်ဝသူတွေပါဝင်နေတယ်ဆိုပြီး ဒေသခံတွေက တိုင်ကြားတဲ့အတွက် အရေးယူမှု တချို့ရှိတယ်လို့  ကြားသိရပါတယ်။

NLD က ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းထဲမှာ လက်ရှိကိုယ်စားလှယ် ၈ဝ ရာခိုင်နှုန်း နဲ့ လူသစ် ၂ဝ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်ဟောင်းတချို့ဟာ အရည်အချင်းလည်းမရှိ၊ သက်ဆိုင်ရာ ဆန္ဒနယ်လူထုနဲ့လည်း ထိတွေ့မှု အလွန်နည်းတယ်လို့ NLD အဖွဲ့ဝင် အများအပြားက ဝေဖန်နေကြပါတယ်။ တချို့က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးမှ ချမ်းသာလာတဲ့အတွက် သံသယဖြစ်ကြတာတွေ ရှိသလို ကိုယ်စားလှယ်လောင်း အသစ် တချို့ကလည်း စီးပွါးရေးနဲ့ လူမှုရေးဆိုင်ရာ အမှုအခင်းတွေ၊ ပြဿနာတွေ ရှိနေတယ်လို့ဆိုပါတယ်။  NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ မုံရွာအောင်ရှင် က တိုင်ကြားချက်တွေကို တိုင်းပြည်အနှံ့အပြားက ရရှိလို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက စိစစ်နေတယ်လို့  RFA ကို ပြောပါတယ်။

“ရန်ကုန် ဗဟိုဌာနချုပ်ကိုရော နေပြည်တော်မှာရှိတဲ့ ဌာနချုပ်ရုံးခွဲ ယာယီရုံးကိုရော လူကိုယ်တိုင်သွားတိုင်ကြတယ်။ တချို့ကလည်း စာနဲ့ပေးပို့ပြီးတော့ သူတို့လိုချင်တဲ့ ကိုယ်စားလှယ် ရရှိဖို့အတွက် ကြိုးစားကြတာကို တွေ့ရပါတယ်။ တချို့ကိုယ်စားလှယ်တွေဟာ တရားရင်ဆိုင်နေရတဲ့ ကိစ္စတွေရှိတယ်။ အဲလိုရှိတဲ့အတွက်ကြောင့် အဖွဲ့ချုပ်က အဲဒီကိုယ်စားလှယ်တွေရဲ့ စာရင်းကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ ဥပမာဆိုရင် ချောင်းဆုံမြို့နယ်က ဒေါ်မိချိုသဲ၊ ထို့အတူပဲ  တခြားလာပြီးတော့ တိုင်ကြားသူတွေရဲ့  ကွန်ပလိန်းတွေကို ကြည့်ရာမှာ တချို့ကတော့ ခိုင်ခိုင်လုံလုံရှိတာ တွေ့ရတယ်လို့ ပြောကြပါတယ်”

First Weekly Journal အယ်ဒီတာချုပ် စာရေးဆရာ အောင်စိုးသူကလည်း ကိုယ်စားလှယ်လောင်းတချို့ကို လူထုက မကြိုက်ကြတာတော့ အမှန်ပဲလို့ ဝေဖန်ပါတယ်။

“ ဒီလွှတ်တော် ၅ နှစ်သက်တမ်းအတွင်း  အဆိုတခုမှ မတင်ခဲ့တဲ့သူ ၊ မလုပ် မရှုတ် မပြုတ် နေခဲ့တဲဲ့သူ တချို့လည်း မြို့နယ်တချို့မှာ ပြန်ပါလာတယ်လို့သိရပါတယ်။ ဒါပေမယ့်လို့ ၂ဝ၂ဝ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးတဲ့ ကာလတလျှောက်လုံးမှာ NLD ပါတီကို ကျနော်တို့က မဲသွားထည့်ရမှာပဲဆိုတဲ့ အသံတော်တော်များများ  ကျနော်တို့ ကြားရပါတယ်”

ရန်ကုန်တိုင်းက မြို့နယ်တခုမှာဆိုရင်  ပြီးခဲ့တဲ့ ၂ဝ၁၅ မှာရော အခု ၂ဝ၂ဝ မှာပါ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ က ဦးစားပေးရွေးချယ်သူ အမျိုးသမီးတဦးကို ဗဟိုက ဖယ်ရှားခဲ့တဲ့အတွက် ပါတီဝင်အများအပြားက စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။

လသာမြို့နယ်က NLD ထောက်ခံသူတဦးဖြစ်တဲ့ မရီရီမြင့် က ......

“ကိုယ့်မြို့နယ်မှာ အလုပ်မလုပ်တဲ့ ကိုယ်စားလှယ်မျိုးကို အခု ၂ဝ၂ဝ မှာလည်း  ကိုယ့်ရဲ့မြို့နယ်ကို ပြန်ရောက်လာမယ်ဆိုရင် လူတွေက အဲလူပေါ်မှာ စိတ်ပျက်ပြီးတော့ မဲမပေးမှာကို ကျမတို့ စိုးရိမ်တာပေါ့နော်။ အဲလိုမျိုးထည့်သွင်း စဉ်းစားပြီးတော့ တကယ့်ကို ထက်ထက်မြက်မြက်လူကို  လိုချင်ကြတာပေါ့”

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးလျှောက်ထားတင်ပြရမှာဖြစ်ပါတယ်။ NLD အနေနဲ့ လက်ရှိကိုယ်စားလှယ်လောင်းတွေထဲက မည်သူတွေကို ထုတ်ပယ်အစားထိုးမှာလဲဆိုတာကို အဲဒီရက်မတိုင်မီ သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။