ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ AA တွေ့ဆုံမည်

တရုတ်ကိုယ်စားလှယ်အဖွဲ့ ဧပြီလ ၁၃ ရက်မှာ “၀”တပ်ဖွဲ့(UWSA)၊ ကိုးကန့် တပ်မတော်(MNDAA) နဲ့ ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့နဲ့ လားရှိုးအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့။

တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) ပြန်စနိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးနောက် အာရက္ခတပ်တော်(AA)နဲ့လည်း မကြာခင်မှာ သီးသန့်တွေ့ဆုံဖို့ရှိနေတယ်လို့ RFA ရဲ့စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် နေ့လယ်ပိုင်းမှာ “၀”တပ်ဖွဲ့(UWSA)၊ ကိုးကန့် တပ်မတော်(MNDAA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့တို့နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကိုတော့ တရုတ်ကိုယ်စားလှယ်အဖွဲ့က မကြာခင်မှာ သီးခြားတွေ့ဆုံသွားဖို့ ရှိနေတယ်လို့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“စီမံကိန်း ပြန်စနိုင်ဖို့အတွက်ပဲ ဦးတည်ခေါ်တွေ့တာပေါ့။ AA ဘက်ကိုလည်း တခါထဲခေါ်တွေ့မယ် ထင်လိုက်တာ မဟုတ်ဘဲ သီးခြားတွေ့ဖို့ ရှိတယ်လို့ သိထားပါတယ်။ ဘယ်နေရာမှာ ဘယ်လိုတွေ့ကြမယ်တော့ မသိပါဘူး။ အေအေဘက်က သဘောထားကလည်း ဘယ်လိုရှိမလဲဆိုတာလည်း မသိရသေးပါဘူး။ တရုတ်ဘက်က အရင်လိုမျိုး လျှို့လျှို့ဝှက်ဝှက်တွေ့ဆုံတာမျိုး မဟုတ်ဘူး။ သူတို့လိုချင်တာ၊ ဖြစ်ချင်တဲ့အကြောင်းအရင်းကိုပဲ ပြောသွားတာမျိုးလို့ သိထားပါတယ်”

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံ ကူမင်းမြို့ထိ ဖောက်လုပ်သွားမဲ့ ပိုးလမ်းမစီမံကိန်းကို စစ်တပ်ခန့်အစိုးရ ဦးမင်းအောင်လှိုင်

သမ္မတဖြစ်လာတဲ့ ဒီနှစ်အတွင်းမှာပဲ အကောင်အထည်ဖော်သွားဖို့ ရှိနေတယ်လို့ သူကဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ အတိအကျ သိရဖို့ အာရက္ခတပ်တော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပိုးလမ်းမစီမံကိန်းအောက်က တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေ ရပ်နားလိုက်ရတာဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုစီမံကိန်းခေါင်းစဉ်နဲ့ တရုတ်က ရင်းနှီးမြှုပ်နှံနေတဲ့ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမစီမံကိန်းနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းလို့ နာမည်ပေးထားတဲ့ စီမံကိန်းနှစ်ခုကိုပေါင်းပြီး BRI – Belt and Road Initiative လို့ခေါ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ် - မြန်မာ စီးပွားရေးစင်္ကြန် (၂၀၁၉ - ၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ ငါးနှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေး နားလည်မှု စာချွန်လွှာတို့ကို ၂၀၁၉ ခုနှစ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။